စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်တရားမဝင် ရွေးကောက်ပွဲ ပြုလုပ်နေတဲ့အချိန်မှာပဲ အနီးပတ်ဝန်းကျင် ကျေးရွာတွေက စစ်ရေးပစ်မှတ် မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ တိုက်နယ်ဆေးရုံတွေကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်၊ည ၁၀ နာရီ ၅၀ မိနစ်အချိန်မှာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးဟာ ရေဦးနယ် အရှေ့မြောက်ဘက်ခြမ်းက လေးရွာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက် ခဲ့သလို ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက်၊ မနက်အစောပိုင်း ၄ နာရီအချိန်မှာလည်း ရေဦးနယ်အနောက်ခြမ်း ကွမ်းအုံရွာ တိုက်နယ်ဆေးရုံနဲ့ ဘုန်းကြီးကျောင်းအနီးကို ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့ မနက်ပိုင်း ၁၁ နာရီ ဝန်းကျင်အချိန်မှာလည်း ရေဦးနယ်မြောက်ဘက်ခြမ်း ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းက (၃) ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“တိုက်ပွဲဖြစ်လို့ မဟုတ်ဘူး၊ မြို့ပေါ် မှာ တရားမဝင်ရွေးကောက်ပွဲလုပ်နေလို့ အနီးဝန်းကျင်ရွာတွေကို ဗုံးကြဲနေတာ။ စစ်ရေးပစ်မှတ် မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံဆေးခန်းတွေကို အကြောင်းမဲ့သက်သက် ဗုံးပတ်ကြဲနေတာပါ” လို့ ရေဦးမြို့နယ် အနောက်ခြမ်းဇုန် သတင်းဆက်သွယ်ရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရေဦးမြို့နယ်နဲ့ အနီးဝန်းကျင်က ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ကိုထူးခန့်ဇော်က ဆက်လက်ပြီး “စစ်ကော်မရှင်ကို ပြောချင်တာက၊ တရားမဝင်ရွေးကောက်ပွဲ လုပ်နေတဲ့အပြင် စစ်ရေးပစ်မှတ် မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံဆေးခန်းတွေကို ဗုံးပတ်ကြဲနေတာတွေဟာ ကြီးလေးတဲ့ စစ်ရာဇဝတ်မှု မြောက်ပါတယ်။ လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်နေတာတွေကို အပြင်းအထန် ကန့်ကွက်ရှုချသလို နိုင်ငံတကာကိုလဲ သိစေချင် ပါတယ်“ လို့ ဆက်ပြော ပါတယ်။
လက်ရှိအချိန်အထိ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ထိခိုက်ဒဏ်ရာရမှု အခြေအနေကို မောင်း ကဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ကွမ်းအုံရွာက တိုက်နယ်ဆေးရုံနဲ့ ဘုန်းကြီးကျောင်းလေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်မှာတော့ ဘုန်းကြီးကျောင်း အဆောက်အအုံတချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ကနဦး သိရပါတယ်။
