ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ မဲရုံနေရာ ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်လာပါတယ်။
အဲဒီ တိုက်ခိုက်ခိုက်မှုကို မနေ့က ဇန်နဝါရီလ ၁၀ ရက်နဲ့ ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက်တွေမှာ လုပ်ဆောင်ခဲ့တာလို့သိရပါတယ်။
ပထမအကြိမ် တိုက်ခိုက်မှုကို ဇန်နဝါရီလ ၁၀ ရက်၊ ညနေ ၅ နာရီအချိန်မှာ မင်းလှမြို့နယ်၊ လက်ပံရေကျော်အုပ်စုရှိ အမှတ် (၁) မဲရုံမှာ လုံခြုံရေးယူထားတဲ့ စစ်အုပ်စု တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ အဝင်အထွက်လုပ်တဲ့ လမ်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီနောက် ဒုတိယအကြိမ် တိုက်ခိုက်မှုကိုတော့ ဇန်နဝါရီလ ၁၁ ရက်၊ မနက် ၄ နာရီ ၂၅ မိနစ်အချိန်မှာ မင်းလှမြို့၊ လမ်းမတော်လမ်း တရုတ်ကျောင်းမဲရုံအနီးထပ်မံလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“နောက်ဆက်တွဲ ထိခိုက်မှုတွေကတော့ မသိရသေးပါဘူး။ ကျွန်တော်တို့က မိုင်းခွဲပြီး ပြန်ဆုတ်ခဲ့တာဆိုတော့။ ပြည်သူထိခိုက်မှုတော့ မရှိပါဘူး။ မဲလာမထည့်ရင် ဒဏ်ငွေ၃သိန်း ထောင်ဒဏ်၃နှစ်ဆိုပြီး ခြိမ်းခြောက်နေတယ်။ လူငယ်တွေမဲမထည့်ရင် စစ်မှုထမ်းရမယ်လို့ အုပ်ကြီးတွေခြိမ်းခြောက်တယ်” လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကို မင်းလှမြို့နယ် ပကဖနဲ့အတူ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄) အုတ်ဖိုမြေအောက်ပြောက်ကျားအဖွဲ့ ရဲဘော်တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
မင်းလှမြို့နယ် ပကဖ အနေနဲ့ အကြမ်းဖက် စစ်အုပ်စု ပြုလုပ်နေတဲ့ ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်း သတ်မှတ်ထားပြီး ပြည်သူတွေအနေနဲ့ မဲမပေးဘဲ ဆန့်ကျင်ကြဖို့ကို တိုက်တွန်းထားသလို ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေနဲ့ အားပေးကူညီသူတွေကိုလည်း ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။