နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းအုပ်စု အောင်ချမ်းသာရွာ နန်းချိုးချောင်း ရေကျော်မှာ ဂိတ်ဖွင့်ပြီး အတင်းအဓမ္မဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့ဆီက သိရပါတယ်။
ပြည်သူတွေဆီကနေ အတင်းအဓမ္မဆက်ကြေး ကောက်နေတဲ့ဂိတ်ကို တိုက်ခိုက်ပေးဖို့ ပြည်သူတွေက အကြိမ်ကြိမ် တောင်းဆိုတဲ့အတွက် ဝရဇိန်တပ်ဖွဲ့ဟာဇန်နဝါရီ ၁၀ ရက် ည ၇ နာရီလောက်မှာ ဂိတ်စခန်း နဲ့ မီတာ အနည်းငယ်လောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“အပြန်အလှန်ဆိုတာထက် ကျနော်တို့ကအလစ်အငိုက်ပြောက်ကျားဝင်တိုက်တာပါ။ ဆယ်မိနစ်ကျော်ကြာပါတယ်။ အဲဒီဂိတ်က ဂိတ်ကြီးမဟုတ်ဘူး ကုက္ကိုလ်ပင်အောက်မှာ ထိုင်ပြီးဆက်ကြေးကောက် နေတာပါ” လို့ ဝရဇိန်တပ်ဖွဲ့ သတင်း နဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

ပစ်ခတ်မှုအတွင်း စစ်အုပ်စုတပ်သား တစ်ယောက်သေဆုံးပြီး နှစ်ယောက် ထိမှန်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ဒဏ်ရာရသွားတဲ့သူတွေကို နေပြည်တော်ကုတင် (၁၀၀၀) စစ်ဆေးရုံကို ပို့ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဂိတ်မှာ စစ်အုပ်စုဟာ အင်အား ၄၊ ၅ ယောက်လောက် နဲ့ အထိုင်ချထားတာဖြစ်ကာ ပစ်ခတ်မှုဖြစ် ပြီးတဲ့နောက်မှာတော့ လာရောက် ဂိတ်ထိုင်တာမျိုး မရှိတော့ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကလည်း ဝရဇိန်တပ်ဖွဲ့ဟာ တောင်ငူခရိုင် ကေတုမတီလေဆိပ်ထဲကိုနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။