မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းမှာ “Yawland Operation” အမည်ဖြင့် ဆင်နွှဲနေတဲ့ စစ်ဆင်ရေးအတွင်း စစ်တပ်က တပ်စွဲထားတဲ့ ပျူစောထီးအခြေစိုက်ကျေးရွာ နှစ်ရွာကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ပျူစောထီးများအပါအဝင် စစ်အုပ်စုဝင် ၄၂ ဦးအထိ သေဆုံးခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ သတင်းထုတ်ပြန်လာပါတယ်။
အဆိုပါစစ်ဆင်ရေးကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ မနက်ပိုင်းကစတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး၊ ယောဒေသအတွင်း အရှိန်အဟုန်မြှင့် ဆက်လက်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆင်ရေးအစ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဝင်ဝ၊ လယ်ကြီးအရှေ့၊ လယ်ကြီးအနောက်၊ မြောက်ခင်ရမ်း၊ ရွှေမြစ်သာ စတဲ့ ပျုစောထီးကျေးရွာတွေနဲ့ တောကျောင်းကာကင်းစခန်းတို့ကို တော်လှန်ရေးတပ်တွေက တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဝင်ဝ(ပျူ)ရွာကို စတင်သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီနောက် ဇန်နဝါရီလ ၄ ရက်နေ့မှာ ရွှေမြစ်သာ(ပျူ)ရွာ ကို ထပ်မံထိုးစစ်ဆင်ခဲ့ရာ မနက် ၉ နာရီဝန်းကျင်မှာ ထပ်မံအပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြောက်ခင်ရမ်း ပျူစောထီးရွာကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ရဲ့ ထိတွေ့တိုက်ပွဲမှာလည်း စစ်တပ်ဘက်မှ ၆ ဦး သေဆုံးကာ အများအပြား အထိနာခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ စစ်ဆင်ရေးကာလအတွင်း ရန်သူစစ်တပ်ဘက်မှ စုစုပေါင်း ၄၂ ဦး သေဆုံးခဲ့ပြီး G3 (၄) လက်၊ ကာဘိုင် (၂) လက်၊ ခါးချိုး (၂) လက်၊ ဂျမ်ဘာ (၁) လုံး၊ ၆၀ မမ ဗုံးသီးတွေနဲ့ ကျည်ဆန်ပေါင်း ၁၄၀၀ ကျော်အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို တော်လှန်ရေးတပ်များက သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
“ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူတွေထဲမှာ မျက်မြင်ရုပ်အလောင်းက ၂၀ ဝန်းကျင်လောက် ကျွန်တော်တို့ တွေ့ခဲ့တာရှိတယ်။ ရန်သူဘက်က ဆက်သွယ်ရေးစက်ကနေတဆင့် သိရတာမျိုးလည်းရှိတယ်။ ပြီးတော့ ရန်သူဘက်က သတင်းရင်းမြစ်တွေကနေ သိရတာပါ” လို့ ဂန့်ဂေါခရိုင်စစ်ဌာနမှ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဝန်းကျင်မှာ စစ်တပ်ဘက်ကနေ စစ်ကြောင်းပြန်ထိုးလာတဲ့ အနေအထားမရှိပေမဲ့ စစ်တပ်အထိုင်ချထားတဲ့ ကျေးရွာတွေက စစ်ကြောင်းငယ်တွေနဲ့တော့ တိုက်ပွဲငယ်လေးတွေ ဖြစ်နေဆဲဖြစ်တယ်လို့ သူကဆိုပါတယ်။
အဆိုပါ စစ်ဆင်ရေးကိုတော့ ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်ရှိ တပ်ရင်းတွေ၊ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့၊ KKG တပ်ရင်း(၅/၆)၊ ဂန့်ဂေါခရိုင်/မြို့နယ် ပကဖ၊ မြိုင်မြို့နယ် ပကဖ (ဗိုလ်လကျ်ာအဖွဲ့)၊ ယောတပ်တော် (YA)၊ YDF (ရဲဘော် ကောင်းကောင်း အဖွဲ့) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေကိုလည်း တော်လှန်ရေးအဖွဲ့များက လုံခြုံရာနေရာတွေကို ပို့ဆောင်ပေးခဲ့ပြီး လိုအပ်တဲ့ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးနေတယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက အသိပေးထုတ်ပြန်ထားပါတယ်။