မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း စစ်အုပ်စုရဲ့ နေ့စဥ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကိုရင် ၁ ပါး ပျံလွန်တော်မူပြီး လူ ၃ ယောက် သေဆုံးထားကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိနေသေးတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။
ဇန်နဝါရီလအစပိုင်းကတည်းက ဂန့်ဂေါ၊ ဆောနဲ့ ထီးလင်းမြို့နယ်တွေကို စစ်အုပ်စုက လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေလို့ အရပ်သား ထိခိုက်သေဆုံးတာတွေလည်း ရှိနေတာပါ။
စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ ၃၊ ၄နဲ့ ၇ရက်နေ့တွေမှာ ထီးလင်းနဲ့ ဂန့်ဂေါမြို့နယ်တွေကစစ်ဘေးရှောင် ၂ယောက်သေဆုံးပြီး ကိုရင် ၁ ပါးလည်း နှလုံးရပ်ပျံလွန်တော်မှုခဲ့တယ်လို့ သိရပါတယ်။
ယောနယ် ခေါ် ဂန့်ဂေါခရိုင်အတွင်းက မြို့တွေမှာ တစ်ပက်အတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်းရှိခဲ့ပြီး ဗုံးသီးအလုံးရေ ရာနဲ့ချီကြဲချခံထားရတယ်လို့ ကိုမင်းဒဿက ပြောပါတယ်။
စစ်အုပ်စုဟာ မိတ္ထီလာနဲ့ တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာ၊ Y12၊ A-5Bomber ၊ Yak-130 ဖိုက်တာတွေအသုံးပြုပြီး ဂန့်ဂေါနဲ့ ထီးလင်းနယ်အတွင်းက ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာလို့ဆိုပါတယ်။
တိုက်ပွဲမရှိတဲ့ စစ်ဘေးရှောင်နေရာတွေကိုပါ ပစ်မှတ်ထားနေတာလို့ ကိုမင်းဒဿက ပြောပါတယ်။
“တပတ်အတွင်းလေကြောင်းတိုက်ခိုက်မှုက ယောနယ်နေရာအားလုံးမှာ၁၅ ကြိမ်ထက်မနည်းရှိတယ်။ ၅ယောက်ထက်မနည်းထိခိုက်ထားတာမှာ ၃ ယောက် သေဆုံးပါတယ်” လို့ မောင်းကို ပြောပါတယ်။
ဇန်နဝါရီလ ၇ ရက် မနေ့ညပိုင်းကလည်း ဂန့်ဂေါမြို့အနီး မြင်းဇာရွာ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ရော့ကတ်ဗုံးတွေကြဲချ တိုက်ခိုက်ခဲ့ပါသေးတယ်။
” ဂျက်ဖိုက်တာနဲ့ ချသွားတာ ကျောင်းက ကိုရင်လေးရယ် ဘုန်းကြီး၁ပါးရယ်ထိပါတယ်။ ကျောင်းထဲကကျောင်းဆောင် တွေတော့ မီးလောင် ပျက်စီးသွားတယ်။ ဂျက်ဖိုက်တာက ကလေးနယ်ကနေ ဝဲပြီးလာတာ” လို့ ကိုမင်းဒဿက မောင်းကို ပြောပါတယ်။
လာမယ့် ဇန်နဝါရီလ ၁၁ရက်နေ့ ဂန့်ဂေါမြို့ပေါ်မှာ ရွေးကောက်ပွဲအတုလုပ်ဖို့ ရှိနေတဲ့အတွက် စစ်အုပ်စုက အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်နေတာလို့ ဆိုပါတယ်။
ခလရ (၅၀)တပ်ထဲကနေ မြို့အနီးကျေးရွာတွေဖြစ်တဲ့ စိုင်ဒူး၊ ဇဟော၊ လုံဟော စတဲ့ ရွာဘက်တွေဆီလည်း လက်နက်ကြီး ၁၂၀မမတွေ မကြာခဏပစ်ခတ်တာမျိုးရှိနေတယ်လို့သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းကစလို့ ဂန့်ဂေါခရိုင်အခြေစိုက် တော်လှန်ရေးတပ်တွေက Yawland Operation ကိုစတင်ဖော်ဆောင်လာတာကြောင့် စစ်အုပ်စုဘက်ကအခုလို လေကြောင်းတိုက်ခိုက်တာတွေနဲ့ တပ်တွင်း အင်အားအပြောင်းအလဲလုပ်တာတွေရှိလာတာလို့ ကိုမင်းဒဿကပြောပါတယ်။
ဂန့်ဂေါခရိုင်အတွင်းအခုလို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်နေတာတွေကြောင့် အရပ်သားတွေအနေနဲ့ အထိပခိုက်မရှိအောင် အထူးသတိပြုနေ ထိုင်သင့်တယ်လို့လည်း ယောအလင်းတန်းက အသိပေးထားပါတယ်။
ဂန့်ဂေါမြို့နယ်၊ မြင်းဇာရွာ လေကြောင်းတိုက်ခိုက်ခံရပြီး မြင်ကွင်းအားတွေ့ရစဥ် (ဓာတ်ပုံ ယောအလင်းတန်း) 




