နွေဦးတော်လှန်ရေးကာလ ၅ နှစ်နီးပါး ရောက်ရှိလာချိန်မှာ တချို့တွေ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ရင်း တော်လှန်ရေးကျင့်ဝတ်တွေနဲ့ လွဲချော်လာတာ တွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

“တော်လှန်ရေးအချိန်ကာလ ကြာမြှင့်လာတာနဲ့အမျှ တော်လှန်ရေးတာဝန်တွေကို ထမ်းရွက်ကြတဲ့အခါမှာ လုပ်ပိုင်ခွင့်၊ အာဏာနဲ့ ကိုင်စွဲထားတဲ့ လက်နက်တွေအပေါ်မှာ သာယာပြီး တချို့လည်း တော်လှန်ရေးကျင့်ဝတ်၊ စံနှုန်းတွေနဲ့ လွဲချော်လာတာကို တွေ့ရပါတယ်။ ကျနော်တို့ဟာ ပြည်သူလူထုက ပေးအပ်ထားတဲ့ တာဝန်တွေကို ထမ်းရွက်နေကြတာဖြစ်ပါတယ်။ ရာထူးအာဏာဆိုတာ တာဝန်အတွက်သာ ဖြစ်ပါတယ်။ အာဏာစည်းစိမ်အတွက် မဟုတ်ပါဘူးဆိုတာ သတိချပ်ဖို့ လိုအပ်ပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်သူတွေအနေနဲ့ ဖက်ဆစ်စစ်တပ်ရဲ့ အမူအကျင့်တွေ ကူးစက်မခံရဖို့လိုပြီး တော်လှန်ရေးကိုယ်ခံအားကောင်းဖို့ အရေးကြီးတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက သတိပေး ပြောကြားခဲ့ပါတယ်။

“နွေဦးတော်လှန်ရေးဟာ စစ်အုပ်စု ပြုတ်ကျသွားရေး၊ ဖက်ဆစ် စစ်တပ် ခေါင်းဆောင်တွေ ပြုတ်ကျသွားရေး သက်သက်မဟုတ်ဘူးဆိုတာ နားလည်စေချင်ပါတယ်။ စစ်အာဏာရှင်အတွေးအခေါ်၊ အမှုအကျင့်တွေအားလုံး အဆုံးသတ်သွားရေးထိ ရည်မှန်းတဲ့ တော်လှန်ရေး ဖြစ်ပါတယ်။ ဒါကြောင့် ဖက်ဆစ် စစ်အာဏာရှင်ကို တော်လှန်ရင်း ကိုယ်တိုင်က ဖက်ဆစ်စစ်တပ် အမှုအကျင့်၊အတွေးအခေါ် လုပ်နည်းဟန်တွေ ကူးစက်မခံရဖို့ အရေးကြီးပါတယ်။ တော်လှန်ရေး ကိုယ်ခံအားကောင်းဖို့ အင်မတန်အရေးကြီးတယ်လို့ ကျနော်ပြောချင်ပါတယ်”
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ စစ်အာဏာရှင်လက်အောက် လူ့အခွင့်အရေးတွေ ပျောက်ဆုံးနေတဲ့ မြန်မာပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားရင်း အထက်ပါတိုင်း ပြောဆိုခဲ့တာပါ။

မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်အစိုးရ အဆက်ဆက်အောက်မှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံခဲ့ရသလို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အုံလိုက်ကျင်းလိုက် ခံစားနေရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

“(စစ်အာဏာရှင်တွေက) ပြည်သူလူထုအားလုံးကို လူ့အခွင့်အရေးဆိုတာကို မစဉ်းစားနိုင်အောင်၊ ဒီမိုကရေစီဆိုတာကို မပြောရဲအောင် – ဖိနှိပ်ရေးယန္တရားကို အပြည့်အဝ အသက်သွင်းနေပါတယ်။ ပြည်သူလူထုဟာ စစ်အာဏာရှင်အစိုးရ အဆက်ဆက်အောက်မှာ လူသားဘဝ ပီသအောင် နေထိုင်ခွင့် မရခဲ့ကြတာတွေ့ရပါတယ်။ အခုလည်း အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေနဲ့ လေကြောင်းဗုံးကြဲမှုတွေကြားထဲမှာ၊ ပြည်သူပေါင်း သန်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်” လို့ ဆိုပါတယ်။

စစ်အာဏာရှင်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ဘယ်လိုမှ လက်မခံဘူးဆိုတာကို အသံတိတ်သပိတ် ဆင်နွှဲပြီး ပြသကြတဲ့ ပြည်သူလူထုအပေါင်းကို လေးစား ဦးညွှတ်ကြောင်းလည်း ယာယီသမ္မတက ပြောခဲ့ပါတယ်။

“ကျနော်တို့ ပြည်သူတွေဟာ အဘက်ဘက်က ကန့်သတ်တားဆီးမှုတွေကြားထဲမှာ ရုန်းကန်နေကြရပါတယ်။
ဒီလို ရုန်းကန်မှုတွေကြားထဲမှာ တခါတရံ မတရားမှုကို တားဆီးဖို့ ခွန်အားမဲ့နေတာတွေ ကြုံရလေ့ရှိပါတယ်။ ဒါပေမယ့် လက်တွေ့ ကာယကံမြောက် မတားဆီးနိုင်သေးရင်တောင်၊ ကျနော်တို့ဟာ ထုတ်ဖော်ကန့်ကွက်ဖို့ မပျက်ကွက်သင့်ဘူးလို့ ထင်ပါတယ်။ ကျနော်တို့အနေနဲ့ ပြည်သူတွေကြုံတွေ့နေရတဲ့ မတရားမှုတွေကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖျက်သိမ်းရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်ဖို့ လေးနက်စွာတိုက်တွန်းလိုပါတယ်” လို့လည်း ဆိုပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးအတွက်ရှေးရှူတဲ့ မြို့နယ်လုံးဆိုင်ရာ “စကားရည်လုပြိုင်ပွဲ” ဝက်လက်မြို့နယ် ဗကသ ဦးဆောင်ပြုလုပ်

ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အကြိုအနေနဲ့ "စကားရည်လုပြိုင်ပွဲ" တစ်ရပ်ကို ဝက်လက်ဒေသမှာ ၃ရက်ဆက်တိုက် ကျင်းပပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

သာဂေါင်(ရွာမ)တွင် စစ်ကောင်စီတပ်များ ခေါင်းဖြတ်ချိတ်ဆွဲထားမှု အပါအဝင် မီးရှို့သတ်ဖြတ်ထားသည့် အလောင်း ၆ လောင်း တွေ့ရှိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာဂေါင် (ရွာမ) ရွာမှာ စစ်ကောင်စီတပ်တွေ ခေါင်းဖြတ် ချိတ်ဆွဲသွားတဲ့ အလောင်းအပါအဝင် မီးရှို့သတ်ဖြတ်ခံထားရသူ ၆ယောက်ရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေကတွေ့ရှိခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီ က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ မတရားဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်

စစ်ကောင်စီ မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့မှာ၂၀၂၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်လိုက်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်းက ထုတ်ပြန်ပါတယ်။
Read More

လှိုင်းဘွဲ့ မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး မြိတ်ခရိုင် PDF အမှတ် (၃) တပ်ရင်းထံ လက်နက်မဲ့ အလင်းဝင်ခိုလှုံလာ

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ မြို့မရဲစခန်းက ရဲတပ်သားတစ်ယောက်ဟာ လက်နက်မဲ့ အလင်းဝင်ခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ရဲ့နေအိမ် ဓါးပြတိုက်မှုမှာ စစ်တပ်ကလက်နက်ထုတ်ပေးထားတဲ့ ပြည်သူ့စစ်တွေ ပါ၀င်နေ

မန္တလေး၊ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ကို ဓားပြတိုက်သူတွေဟာ စစ်ကောင်စီက လက်နက်ထုတ်ပေးထားတဲ့ ပြည်သူ့စစ်တွေဖြစ်နေပြီး ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Read More

တောင်ဒဂုံမှာ စစ်တပ်အတွက်အလုပ်လုပ်ပေးနေတဲ့ ရပ်ကွက်ဥက္ကဌနဲ့ ရာအိမ်မှူး ဆိုသူတွေ ရပ်ကွက်ရုံးရှေ့မှာပဲ ပစ်ခတ်ရှင်းလင်းခံရ

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ (၁၀၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးဆိုသူတွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း စစ်အုပ်စုလော်ဘီချန်နယ်တွေကတဆင့် သိရပါတယ်။