ယခုနှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် လာအိုစတင်တာဝန်ယူစဉ်က ၎င်းဟာ ဒေသတွင်းအစုအဖွဲ့ကို အငြင်းပွားဖွယ်ရာ ပြဿနာတွေ ကင်းဝေးသွားစေဖို့ ဦးဆောင်သွားနိုင်လိမ့်မယ်လို့ ခန့်မှန်းခံခဲ့ရပါတယ်။
လာအိုဟာ မြန်မာ့အရေး အပါအဝင် တောင်တရုတ်ပင်လယ်ကိစ္စနဲ့ ပတ်သက်ပြီး ပေကျင်းရဲ့ အာဆီယံအဖွဲ့ဝင်အချို့ကို ရန်လိုမှုတွေအပေါ် ပြောဆိုလုပ်ဆောင်တာတွေ အနည်းငယ်မျှသာရှိပြီး စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ သဘောတူညီမှုတွေအပေါ်ကိုသာ အာရုံစိုက်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတာပါ။
ဒီလိုခန့်မှန်းချက်တွေဖြစ်လာတာရဲ့တစိတ်တပိုင်းကလည်းလာအိုဟာ၎င်းနဲ့အာဆီယံတို့ရဲ့သံတမန်ရေးရာကန့်သတ်ချက်တွေကိုလက်ခံထားတဲ့ဒေသတွင်းနိုင်ငံအနည်းငယ်ထဲကတခုအပါအဝင်ဖြစ်တာကြောင့်ဖြစ်ပါတယ်။
တကယ်တမ်း အမြင်ကျဉ်းတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အာဆီယံဟာ မြန်မာ့အကျပ်အတည်းကို ၎င်းတို့အစီအစဉ်ကနေ အမှန်တကယ် ဖယ်ရှားလိုသလို၊ ဒေသတွင်းအစုအဖွဲ့ဟာ ပြဿနာတွေဖြေရှင်းဖို့ စုဖွဲ့ထားတာ မဟုတ်တဲ့အလျှောက် နိုင်ငံတွင်းအကျပ်အတည်း သို့မဟုတ် ဒေသဆိုင်ရာ အငြင်းပွားမှုတွေထဲ မပါဝင်သင့်ဘူး ဆိုတဲ့ ဗီယန်ကျင်းရဲ့ အရိပ်အမြွက်ပေးမှုဟာ အတိုင်းအတာတခုအထိ ရိုးသားမှုရှိတယ်လို့ ဆိုနိုင်ပါတယ်။
တဆက်ထဲမှာပဲ လာအိုရဲ့ သတင်းစကားက အခြားသော အာဆီယံအဖွဲ့ဝင်တွေအနေနဲ့ အစုအဖွဲ့ကို ဒီထက်ပိုပြီး ကြားဝင်စေလိုတယ်ဆိုရင် အဲဒီလိုမျိုး အသွင်ကူးပြောင်းမှုကို သူ့လက်ထက်မှာ မမျှော်လင့်သင့်ဘူး ဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
တကယ်လို့အာဆီယံမှာ၎င်းရဲ့လုပ်နိုင်စွမ်းထက်ကျော်လွန်တဲ့ရည်ရွယ်ချက်တခုရှိနေရင်လည်း၎င်းအနေနဲ့အရှေ့တောင်အာရှရဲ့သဘောထားအမြင်ကိုပြင်ပအင်အားကြီးနိုင်ငံတွေနဲ့ဆက်သွယ်ပြောဆိုပြီးပြင်ပအင်အားကြီးနိုင်ငံတွေရဲ့အမြင်တွေကိုဒေသတွင်းမှာရှင်းပြခွင့်ပြုဖို့ဖြစ်ပါတယ်။
နိုင်ငံတကာ သဘောတူညီမှုဟာ ကျဉ်းမြောင်းလာပြီး နိုင်ငံတကာရဲ့ ငြင်းခုံမှုနည်းလမ်းတွေက သံတမန်ရေးထက် အကြမ်းဖက်တဲ့ဘက်ကို ပိုမိုနီးကပ်လာတာကြောင့်လည်း ဒါကပိုပြီး အရေးကြီးလာပါတယ်။
တရုတ်၊ အမေရိကန်၊ ရုရှားနဲ့ ဂျပန်တို့က အကြီးတန်းအရာရှိတွေဟာ ၎င်းတို့ရဲ့ အစီအစဉ်တွေ သတ်မှတ်ထားခြင်း မရှိတဲ့ အာဆီယံနဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွေကို နှစ်စဥ်နှစ်တိုင်း ရက်အနည်းငယ်လောက် တက်ရောက်ကြပါတယ်။
*
ပြောပြီးမဖြစ်တဲ့ အပေါ်ယံနှုတ်ကတိများ
အာဆီယံရဲ့အားသာချက်တွေကဘယ်အဖွဲ့ဝင်ကမှသဘောမတူနိုင်တဲ့ပြဿနာတွေမှာအဖြူအမည်းကွဲပြားတဲ့တောင်းဆိုဆုံးဖြတ်မှုတွေလုပ်ဆောင်ရာမှာရှိမနေပါဘူး။
အာဆီယံဟာ ရှုပ်ထွေးလှတဲ့ ပထဝီနိုင်ငံရေးရာကိစ္စတွေကို သံတမန်ရေးရာ ထုံးတမ်းစဉ်လာတွေနဲ့ တန်ဆာဆင်ချည်နှောင်ပြီး သမားရိုးကျလုပ်ဆောင်နေတဲ့ ဒေသတွင်းအစုအဖွဲ့တခုသာဖြစ်ပါတယ်။ ဒီအစုအဖွဲ့ဟာ အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်ကြောင့်မဟုတ်ဘဲ အဖွဲ့ဝင်တဦးစီရဲ့ အစွမ်းအစကြောင့်သာ လည်ပတ်နေတာပါ။
မြန်မာ့အရေး အကျပ်အတည်းကိုပဲ ကြည့်လိုက်ပါ။
၂၀၂၁ခုနှစ်ဖေဖေါ်ဝါရီလအာဏာသိမ်းမှုအပြီးမှာမြန်မာစစ်အာဏာသိမ်းခေါင်းဆောင်တွေကအာဏာကိုဆက်မထိန်းသိမ်းနိုင်တာသိသာလာတာနဲ့တပြိုင်နက်အာဆီယံဟာတကမ္ဘာလုံးအတွက်အဆင်ပြေတဲ့ကြားခံနယ်ပယ်တစ်ခုဖြစ်လာပါတယ်။
နိုင်ငံ(မြန်မာ)အတွင်းတချိန်တည်းမှာဖြစ်နေတဲ့နိုင်ငံရေး၊လူမျိုးရေးနဲ့အမျိုးသားရေးပဋိပက္ခမျိုးစုံကိုအမြန်ဖြေရှင်းနိုင်မှာမဟုတ်ဘူးဆိုတာကိုသတိထားမိပြီးအမေရိကန်ရောတရုတ်ပါလက်ရှောင်တာတွေရှိခဲ့ပါတယ်။
အခြားတဖက်မှာလည်းဝါရှင်တန်နဲ့ပေကျင်းတို့မှာဆန့်ကျင်ဖက်ရည်မှန်းချက်တွေရှိနေကြသလို၊တကယ်ဖြစ်လာချိန်မှာလည်းသူတို့မျှော်လင့်ထားသလောက်မြန်မာပြည်တွင်းမှာဩဇာသိပ်မရှိနေခဲ့ပြန်ပါဘူး။
ဒါပေမဲ့လည်း အာဏာသိမ်းမှု ဖြစ်ပွားခဲ့အပြီး မြန်မာ့အရေးမှာ တုံ့ပြန်မှုတချို့ လုပ်ဖို့လိုတာကို သိနေတဲ့ ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေကတော့ ခဲတလုံးနဲ့ ငှက်နှစ်ကောင်ပစ်နိုင်မဲ့ အခွင့်အလမ်းကို မြင်ခဲ့ကြပါတယ်။ ဒါကတော့ အာဆီယံဦးဆောင်တဲ့ ဖြေရှင်းချက်ကို ပံ့ပိုးပေးဖို့ပါ။
ဒါက ပြင်ပအင်အားကြီးနိုင်ငံတွေအနေနဲ့ (မြန်မာ့အရေးဖြေရှင်းရာမှာ) အာဆီယံက အဓိကကျတယ် ဆိုတဲ့ အချိုပေါ်သကာလောင်းထားတဲ့ နှုတ်ကတိတွေ ပေးခွင့်ရခဲ့ရုံသာမက၊ စစ်ခေါင်းဆောင်တွေအပေါ် ဘက်ပေါင်းစုံပါဝင်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့တွေမှာလည်း ၄င်းတို့ရဲ့ပျက်ကွက်နေမှုတွေအတွက် (အာဆီယံကို အကာအကွယ်ယူပြီး) မသိလိုက်မသိဖာသာ ဖုံးကွယ်နိုင်တဲ့ အခွင့်အရေးကို ရရှိခဲ့တာပါ။။
အစပိုင်းမှာတော့အာဆီယံကဒီလိုနေရာမျိုးရထားတာကိုပျော်နေပါလိမ့်မယ်။
သုံးနှစ်ကြာပြီးအချိန်မှာတော့အစုအဖွဲ့အတွင်းမှာပါဒီထက်ပိုပြီးအများကြီးလုပ်ခဲ့သင့်တာလို့ကြားရလောက်အောင်ငြီးငြူသံတွေကြားလာရပါတယ်။အချို့ငြီးငြူသံတွေကတော့သူတို့ကိုကိုယ်သနားလာပြီဆိုတဲ့ပုံစံမျိုးပိုလို့တောင်ပေါက်လာပါတယ်။
*

အာဆီယံ–အပေါင်းတုံ့ပြန်မှု
ဟုတ်ပါတယ်၊ မြန်မာပြည်သူတွေဟာ စစ်ကောင်စီရဲ့ နိုင်ထက်စီးနင်းမှုတွေကို ခံစားနေရပါတယ်။ တဆက်စပ်ထဲမှာပဲ အရှေ့တောင်အာရှအစိုးရ အများစုဟာလည်း စစ်ကောင်စီသာ အာဏာသိမ်းပြီးရက်ပိုင်းအတွင်း အာဏာစုစည်းနိုင်ခဲ့ရင် သူတို့နဲ့ပဲ ပျော်ပျော်ကြီး ခရီးဆက်ခဲ့လောက်မှာပါ။
အဲ့ဒီလို မဖြစ်ခဲ့ပေမဲ့၊ ဒါကပဲ အရှေ့တောင်အာရှအစိုးရတွေအတွက် ကမ္ဘာ့စင်မြင့်မှာ သူတို့အားကို ပြသနိုင်မယ့် အခွင့်အရေးတခု၊ သူတို့ရဲ့ အိမ်တွင်းရေးကိုသူတို့ကိုယ်တိုင် စနစ်တကျ စီမံနိုင်တယ်ဆိုတာ အမေရိကန်နဲ့ တရုတ်တို့ကို ပြနိုင်မယ့်အခွင့်အရေးတခုလည်း ဖြစ်နေပြန်ပါတယ်။
အာဆီယံရဲ့အမှားက အပေါ်ယံနဲ့ တကယ့်အနှစ်သာရကို ရောထွေးနေခြင်း ဖြစ်ပါတယ်။ ဒီထက်ပိုပြီး နှိမ့်ချခဲ့ရင် ၎င်းအနေနဲ့ ကန့်သတ်ချက်တွေကို သတိပြုမိပါလိမ့်မယ်။
အထူးသဖြင့် အမေရိကန်၊ တရုတ်၊ ဥရောပသမဂ္ဂ၊ ဂျပန်နဲ့ အိန္ဒိယတို့က ပူးတွဲလက်မှတ်ရေးထိုးပြီး အကောင်အထည်ဖော်မှုအပိုင်းမှာ ပူးတွဲတာဝန်ယူမှသာ မြန်မာ့အကျပ်အတည်းကို တုံ့ပြန်ရာမှာ အာဆီယံအနနဲ့ ဦးဆောင်မယ်လို့ အစကတည်းက ပြောခဲ့သင့်တာပါ။
ဒီလိုမျိုး “အာဆီယံ+အပေါင်း” တုံ့ပြန်မှုဟာ ၂၀၂၁ ဘုံသဘောတူညီချက်ငါးရပ်လို အစီအမံတွေအပေါ် နေပြည်တော်က ပိုပြီးလက်ခံလာရအောင် စွမ်းဆောင်နိုင်မှာဖြစ်သလို ပြင်ပအင်အားကြီးနိုင်ငံတွေကိုလည်း နည်းနည်းလောက်ဖြစ်ဖြစ် အလုပ်လုပ်ဖြစ်အောင်နဲ့ ဝန်ထုပ်ဝန်ပိုးတွေ၊ အပြစ်တင်မှုတွေကို မျှဝေနိုင်ဖို့ ဖိအားပေးနိုင်မှာဖြစ်ပါတယ်။
အာဆီယံအနေနဲ့ မြန်မာ့အရေးအပေါ် ဦးဆောင်နိုင်စွမ်းမရှိဘူး ဆိုတာမျိုးနဲ့ ပြင်ပအင်အားကြီးနိုင်ငံတွေက ပူးတွဲလက်မှတ်ရေးထိုး၊ ပူးတွဲအကောင်အထည်ဖော်တဲ့ ချဉ်းကပ်မှုအသစ်တခုကို လုပ်ဆောင်သွားမယ် ဆိုတာမျိုးကို အခုအချိန်မှာထုတ်ဖော်ပြောဆိုမယ်ဆိုရင်ဒါဟာရိုးသားတယ်၊ပြီးတော့နည်းနည်းသတ္တိရှိလာတယ်လို့တောင်ပြောလို့ရမှာပါ။
ဒါကတရုတ်ကိုမြေပြင်အဖြစ်အပျက်တွေအပေါ်လွှမ်းမိုးနေတဲ့တခုတည်းသောပြင်ပနိုင်ငံအဖြစ်ကနေတားဆီးနိုင်မှာပါ။အမေရိကန်၊အီးယူ၊ဂျပန်နဲ့သြစတြေးလျတို့ကိုလည်းမြန်မာနိုင်ငံမှာဒီမိုကရေစီနည်းကျပြောင်းလဲမှုတစ်ခုဖြစ်လာဖို့ကိစ္စကိုပိုမိုအားထည့်လုပ်ဆောင်ဖို့တွန်းအားဖြစ်စေမှာပါ။
ဒါဟာအာဆီယံအနေနဲ့စစ်ကောင်စီကိုဖက်တွယ်လိုက်တဲ့အချိန်မြန်မာပြည်သူတွေအပေါ်မျက်နှာလွှဲခဲပစ်ဖြစ်သွားတာတွေကိုရှောင်ရှားနိုင်မှာဖြစ်သလို၊မြန်မာပြည်သူတွေကိုသူတို့ရဲ့တော်လှန်ရေးကြီးပြီးဆုံးတော့မှာလို့သွယ်ဝိုက်ကြေညာပေးလိုက်သလိုလည်းဖြစ်သွားနိုင်ပါတယ်။
***
BenarNews မှာ ဖော်ပြထားတဲ့ David Hunt ရဲ့ သုံးသပ်ချက်ဆောင်းပါး “Ineffectual ASEAN chair Laos shows bloc’s limits on Myanmar conflict” ကို ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။ David Hutt ဟာ Central European Institute of Asian Studies (CEIAS) က သုတေသီဖြစ်ပြီး Diplomat မဂ္ဂဇင်းရဲ့ အရှေ့တောင်အာရှဆိုင်ရာ ဆောင်းပါးရှင်တဦးလည်း ဖြစ်ပါတယ်။