ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့အနီးက စစ်ကောင်စီရဲ့ စွယ်တော်ကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်မှုဟာ ပြည်သူတွေကို နှစ်ပေါင်းများစွာ ဒုက္ခပေးနေတဲ့ စခန်းကို အောင်နိုင်ခဲ့တာဖြစ်လို့ ချိုမြိန်တဲ့ လက်စားချေမှုတစ်ခုဖြစ်တယ်လို့ တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ဒီကုန်းကနေ ပြည်သူတွေရှိတဲ့ ရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်တယ်။ အရပ်သားတွေ ထိခိုက်သေဆုံးရတယ်။ လူနေအိမ်တွေပျက်စီးခဲ့ရတယ်။ အဆိုးဆုံးကတော့ ကလေးတွေစာသင်နေတဲ့ စာသင်ကျောင်းလိုနေရာမျိုးကို ပစ်တဲ့ကိစ္စရပ်တွေက ဘယ်လိုမှ ခွင့်လွှတ်လို့မရဘူး။ အခုလိုလုပ်နိုင်တာ နှစ်ပေါင်းများစွာ အားလုံးကို ဒုက္ခပေးနိုင်တဲ့ကောင်တွေကို ကျနော်တို့ ရှင်းပစ်နိုင်ခဲ့တာလို့ Cobra Column ရဲ့ ဒုစစ်ကြောင်းမှူး ကိုစောကော်က Breaking Brainwashed အစီအစဉ်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။

နှစ်ပေါင်း ၂၁ နှစ်ကြာတပ်စွဲထားတဲ့ စွယ်တော်ကုန်းစခန်းကို တိုက်ခိုက်နိုင်ဖို့ KNLA အပါအဝင် တော်လှန်ရေးအင်အားစုတွေဟာ ၃ လလောက် ကြိုတင်ပြင်ဆင်ခဲ့ပြီး တိုက်ခိုက်ခဲ့ရတာလို့ ဒုစစ်ကြောင်းမှူးက ဆိုပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့က စွယ်တော်ဗျူဟာကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့စဉ် (ဓာတ်ပုံ Cobra Column 2 VENOM)

စွယ်တော်ကုန်းမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရင်ဆုံး ရိက္ခာပြတ်လတ်သွားဖို့ လာနိုင်သမျှ လမ်းကြောင်းတွေအားလုံးကို ပိတ်ဆို့ဖြတ်တောက်ခဲ့ပြီး စစ်ဆင်ရေးကို အစပြုခဲ့တယ်လို့  ဒုစစ်ကြောင်းမှူးက ရှင်းပြပါတယ်။

စစ်ကူနဲ့ ရိက္ခာတွေ မလာနိုင်တော့တဲ့ အခြေအနေမျိုးမှာ ဒရုန်းတပ်ဖွဲ့က နေ့စဉ်ရက်ဆက် ဗုံးကြဲချတိုက်ခိုက်မှုတွေပြုလုပ်ပြီး ဒဏ်ရာရသူတွေ အမြောက်အမြားရှိခဲ့ကာ ပတ်ပတ်လည်ကနေ ဝန်းရံ ပိတ်ဆို့ဖြတ်တောက်ခဲ့တယ်လို့ ဒုစစ်ကြောင်းမှူးကဆိုပါတယ်။

အရင်က စခန်းကုန်းတိုက်ပွဲကြီးတွေကို ဆင်နွှဲဖူးတဲ့  တော်လှန်ရေးအဖွဲ့တွေရဲ့ အကြံဉာဏ်ကိုလည်းရယူခဲ့သလို ကြီးမားခိုင်ခံ့တဲ့ ဘန်ကာကြီးတွေကို ပြိုကျပျက်စီးအောင်အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို စခန်းသိမ်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနိုင်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်ဆုံး အမြင်မှန်ရပြီး CDM လုပ်ဖို့ကိုလည်း တိုက်တွန်းပြောကြားလိုက်ပါတယ်။

ကျနော်တို့က အားနေပြီ။ လာရင်လာခဲ့။ CDMလုပ်ချင်လုပ်။ ပိုက်ဆံလိုချင် လက်နက်ပါယူခဲ့လို့ Cobra Column ရဲ့ ဒုစစ်ကြောင်းမှူး ကိုစောကော်က ပြောပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့က စွယ်တော်ဗျူဟာကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့စဉ် (ဓာတ်ပုံ Cobra Column 2 VENOM)

အထူးသဖြင့်  ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က သင်္ဃန်းညီနောင်နဲ့ လေးကေ့ကော်မြို့က စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားတာကြောင့် အဲနေရာအနီးတဝိုက်မှာ စွယ်တော်ကုန်းတပ်ရင်းတစ်ခုသာ ကျန်ရှိနေပြီး ထွက်ပေါက်ပိတ်သလို ဖြစ်သွားချိန်မှာ တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

နှစ်လခွဲကျော် နေ့နေ့ညည အသီးအနှံတွေ တမုန်းကျွေးမွေးထားခဲ့ကြတာဆိုတော့ အခုလို ဝဝလင်လင်မြင်ရတာပဲ ရောင်းရင်းတို့လို့ စစ်ဆင်ရေးအတွင်း ပါဝင်ခဲ့တဲ့ Federal Wings တပ်ဖွဲ့ကလည်းစခန်းသိမ်းတိုက်ပွဲအပြီး ထုတ်ပြန်ခဲ့ပါတယ်။

စွယ်တော်ကုန်းအနီးက ကျေးရွာဒေသခံတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားတဲ့ တိုက်ခိုက်မှုတွေကိုခံစားခဲ့ရပြီး  စခန်းကုန်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ဒေသခံတွေဟာ အဲဒီနေရာကိုရှောင်ရှားပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေပြုလုပ်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့တာပါ။

ဒီကုန်းက ရန်သူကို အနီးစပ်ဆုံးတွေ့နေရပြီဆိုရင် ဒီကုန်းကိုပဲ တွေ့နေရတာ။ တိုက်ပွဲတွေဖြစ်ရင် ဒီကုန်းပဲ လက်နက်ကြီးတွေနဲ့ထုတာ။ အဲဒီဒဏ်တွေခံခဲ့ရတာ။ ဒီနယ်မြေအနီးတဝိုက် ဖြတ်သန်းသွားလာရင်း ကျနော်တို့ရဲ့ ရဲဘော်တွေလည်း မကြာခဏ ဆုံးရှုံးခဲ့ရဖူးတယ် ” Voice of PDF အဖွဲ့က ကိုမောင်ကလည်း ပြောပါတယ်။

ဆုံးရှုံးလိုက်ရတဲ့ ရဲဘော်ရဲဘက်တွေအတွက် သွေးကြွေးတစ်ခုကို ပြန်ဆပ်နိုင်ခဲ့ပြီလို့လည်း ကိုမောင်ကဆိုပါတယ်။

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့အနီးက စွယ်တော်ကုန်း အမြောက်စခန်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်က KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စွယ်တော်ကုန်းစခန်းသိမ်းတိုက်ပွဲတွင် စွမ်းစွမ်းတမံပါဝင်တိုက်ခိုက်ခဲ့သော CobraColumn2VENOM စစ်ကြောင်းမှရဲဘော်များကို ပြည်သူများမှ အောင်သပြေများဖြင့် နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြစဉ် (ဓာတ်ပုံ Cobra Column 2 VENOM)

စစ်ဆင်ရေးကို  KNU/KNLA/KNDO ပူးပေါင်းအဖွဲ့တွေ ၊ Cobra စစ်ကြောင်း၊ Venom စစ်ကြောင်း၊ Justice Soldier PDF ၊ ရောင်နီဒရုန်းတပ်ဖွဲ့ ၊ Golden Eagle ဒရုန်းတပ်ဖွဲ့၊ Justice Soldier ဒရုန်းတပ်ဖွဲ့တို့နဲ့အတူ Federal Wings ရဲ့ Cobra Federal Wings နဲ့ KNDO Federal Wings တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်းတွေအများအပြားကို ဖမ်းဆီးရရှိခဲ့တဲ့အပြင် စစ်ကောင်စီတပ်တွေထံက ၁၂၀  မမ လက်နက်ကြီး  နှစ်လက်၊ ပွိုင့်ဖိုက်  တစ်လက်နဲ့ လက်နက်ငယ်တွေ အပါအဝင် ခဲယမ်းအမြောက်အမြားကိုလည်း  သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာစစ်တပ််က ကျူးလွန်သော ဝမ်းနည်းဖွယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ

မြန်မာနိုင်ငံမှာ စစ်ကောင်စီက ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှု သတင်းတွေဟာ ထိတ်လန့်တုန်လှုပ်စရာကောင်းပေမဲ့လည်း အထူးတဆန်းတော့ မဟုတ်နေတော့ပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်း၊ ကုလသမဂ္ဂနဲ့ အာဆီယံတို့အနေနဲ့ ဒီအတွက် သင့်လျော်မယ့် အရေးယူတုံ့ပြန်မှုတွေ လုံးဝ မချမှတ်နိုင်သေးချိန်မှာ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်မဲ့ရုပ်အလောင်းတွေ တောင်လိုပုံလာနေပါတယ်။
Read More

GZA စစ်ဦးစီးချုပ်အပါ အဖွဲ့ဝင် ၅ ဦးနှင့် YDF တပ်ဖွဲ့ဝင် ၂ ဦး လုပ်ကြံခံရ 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်ကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့ Generation Z Army (GZA) စစ်ဦးစီးချုပ် အပါအဝင် တပ်ဖွဲ့ဝင် ၅ယောက်နဲ့ YDF တပ်ဖွဲ့ဝင် ၂ယောက် လုပ်ကြံခံခဲ့ရတယ်လို့ Generation Z Army (GZA) က ဇူလိုင်လ ၁၆ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ရုန်းနိုင်မှ သေဘေးက လွတ်မြောက်မည့် စစ်မှုထမ်းတပ်သားများ

ကရင်နီ၊ ရခိုင်နဲ့ အညာစစ်မျက်နှာတွေမှာ စစ်မှုထမ်းတပ်သားသစ် သေဆုံးမှုတွေ ဆက်တိုက်ရှိလာပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ လက်အောက်ကနေ လူငယ်တွေလွတ်မြောက်ဖို့ ကြိုးစားသင့်တယ်လို့ နိုင်ငံရေးအင်အားစုတွေက ဆက်တိုက် တိုက်တွန်းလာနေပါတယ်။
Read More

စစ်တပ် အသုံးပြုလာတဲ့ Spy Balloon ဆိုတာ ဘာလဲ၊ ဘယ်လိုကာကွယ်မလဲ

အကြမ်းဖက်စစ်ကော်မရှင်က အခုနောက်ပိုင်း သူလျှိုပူဖောင်း ခေါ် Spy Balloon တွေကို စမ်းသပ်အသုံးပြုမှုတွေ ရှိလာပြီး ဒီ Spy Balloon တွေဟာ တိုက်ခိုက်ဖျက်ဆီးဖို့ ခက်ခဲတာကြောင့် တန်ပြန်ထောက်လှမ်းနိုင်ဖို့နဲ့ ပူဖောင်းရဲ့ ဆက်သွယ်ရေးကို နှောင့်ယှက်နိုင်ဖို့က ပိုမိုထိရောက်နိုင်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်ပြောဆိုထားပါတယ်။
Read More

တော်လှန်ရေးတပ်များ ဖြတ်တောက်ပစ်မည့် စစ်ကောင်စီ၏ အသက်သွေးကြော (သို့မဟုတ်) တုန်လှုပ်ခြောက်ခြားနေသည့် ကပစ စက်ရုံများ

စစ်ကောင်စီအတွက် လူသတ်လက်နက်တွေ ထုတ်လုပ်နေပေးတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ စက်ရုံ) တွေဟာ မြန်မာပြည်အနှံ့အပြားမှာ တည်ရှိနေပြီး အထူးသဖြင့် မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ ကပစ စက်ရုံများစွာကို တွေ့ရမှာ ဖြစ်ပါတယ်။