မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင်းရှိ ဗုံးသီးတွေ ထုတ်လုပ်တဲ့ ကပစ (၁၂) စက်ရုံကို လက်လုပ် ရော့ကတ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းတာဝန်နှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
ဖေဖော်ဝါရီလ (၁) ရက် ဒီနေ့မနက်အစောပိုင်းမှာ သရက်မြို့အခြေစိုက် အမှတ်(၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံဝန်းအတွင်းထဲကို သရက်ခရိုင်တပ်ရင်း(၄) တပ်ဖွဲ့ဝင်တွေက ၇၅မမ ရော့ကတ်(၁၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ရော့ကတ်တွေဟာ စက်ရုံဝန်းအတွင်းက ပစ်မှတ်အဆောက်အဦးတွေဆီ ထိမှန်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့လည်း ကိုမြတ်ကပြောပါတယ်။ ထိခိုက်မှုအသေးစိတ်ကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ သူကဆိုပါတယ်။

“နောက်ဆက်တွဲကို ကျနော်တို့ သေချာအတည်မပြုနိုင်သေးပါဘူး။ ဒါပေမယ့် စက်ရုံထဲ ထိခိုက်မူတွေရှိတယ်။ အဲ့တာကြောင့် ဘယ်သူ့ကိုမှလည်း စက်ရုံထဲကနေ အပြင်မထွက်ခိုင်းဘူးကြားတယ်” လို့ အဆိုပါ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းတာဝန်နှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကို ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်တပ်ဘက်က တော်လှန်ရေးတပ်တွေရှိရာဆီကို လက်နက်ကြီးတွေ၊ ရှော့တိုက်ဒုန်းတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ တပ်ဖွဲ့ဝင်တွေအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ၄င်းကဆိုပါတယ်။
သရက်ခရိုင်တပ်ရင်း(၄) တိုက်ခိုက်ခဲ့တဲ့ ကပစ(၁၂) စက်ရုံဟာ အကြမ်းဖက်တပ်တွေအတွက် (၁၂၀)မမ၊ (၆၀)မမနဲ့ (၄၀)မမ ဗုံးသီးတွေ အဓိက ထုတ်လုပ်ရာ စက်ရုံတစ်ခုဖြစ်ပါတယ်။
လက်ရှိမှာ သရက်ခရိုင်အတွင်း သရက်၊ မင်းတုန်းနဲ့အထက်မင်းလှမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကြောင်းများ ဝင်ရောက်နေပြီး စစ်ရေးတင်းမာနေသလို၊ အဆိုပါစစ်ကြောင်းတွေထဲမှာလည်း ကပစ(၁၂) က စစ်သားတွေ ပါဝင်စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
