မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းခဲ့တာ ယနေ့ ဖေဖော်ဝါရီ ၁ ရက်ဆိုရင် ၅ နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။
စစ်တပ်က ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရဖို့၊ လွှတ်ပေးဖို့ သားဖြစ်သူ ကိုထိန်လင်းက ဆက်လက်တောင်းဆိုလျက်ရှိပါတယ်။
”မေမေ့စိတ်ကို ကျွန်တော်သိပါတယ်။ မေမေရဲ့တစ်ခုတည်းသောဆန္ဒက သူ့ပြည်သူတွေ ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်ဖို့ ၊ လူနေမှုအဆင့်အတန်း၊ ကျန်းမာရေး၊ ပညာရေးနဲ့ အားလုံးအတွက်အခွင့်အလမ်းတွေ တိုးတက်ကောင်းမွန်လာဖို့ပါပဲ။ မေမေက ဒီရည်ရွယ်ချက်အတွက် ဘဝတစ်ခုလုံးကို မြှုပ်နှံခဲ့ပါတယ်။ ဒီနေ့မှာတော့ မေမေ ဘယ်မှာရှိနေတယ်ဆိုတာကို ဘယ်သူမှ မသိပါဘူး။
မိသားစုနဲ့ကော ရှေ့နေတွေ ဆရာဝန်တွေနဲ့ပါ တွေ့ခွင့်ငြင်းဆန်ခံရသလို ပြင်ပကမ္ဘာနဲ့လည်း အဆက်အသွယ်ဖြတ်ခံထားရပါတယ်”လို့ ကိုထိန်လင်းက ဆိုပါတယ်။
လက်ရှိစစ်အာဏာရှင်ဟာ တရားဝင်မှုရရှိစေဖို့ အတုအယောင်ရွေးကောက်ပွဲ တစ်ခုကို လုပ်ကြံဖန် တီးနေပြီး အမှန်တကယ်ပြည်သူမဲဆန္ဒအရ အနိုင်ရရှိခဲ့သူတွေကို ထောင်ချထားဆ၊ သတ်ဖြတ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
”ကျွန်တော် ရှင်းရှင်းပြောပါမယ်။ လွတ်လပ်မှုမရှိဘဲ တရားဝင်မှု မရှိနိုင်ပါဘူး။နိုင်ငံရေးအကျဉ်းသားတွေ ဖျောက်ဖျက်ခံထားနေရတဲ့အချိန်မှာ ဒီမိုကရေစီဆိုတာ မရှိပါဘူး။ကြောက်ရွံ့ခြင်းပေါ် တည်ဆောက်နိုင်တဲ့ အနာဂတ်ဆိုတာ မရှိပါဘူး။ရိုးရှင်းပြီး အခြေခံကျတဲ့ အရာတစ်ခုကို ကျွန်တော်တို့ တောင်းဆိုနေတာပါ။မေမေနဲ့တွေ့ချင်ပါတယ်။ နိုင်ငံတကာက ဒါကို တောင်းဆိုနိုင်တဲ့ခွန်အားရှိပါတယ်။နှုတ်ဆိတ်နေတာဟာ သမာသမတ်ကျတာ မဟုတ်ပါဘူ”လို့ ဆိုပါတယ်။
လက်ရှိမြန်မာနိုင်ငံဟာ စစ်တပ်က အာဏာသိမ်းခံခဲ့ရတဲ့ ၅ နှစ်တာ ကာလအတွင်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ၊ လိမ်လည်ဂိုဏ်းကြီးတွေ ကျက်စားရာဗဟိုချက်တစ်ခုဖြစ်နေပြီး ပြည်သူများသာမက ကမ္ဘာ့လုံခြုံရေးကိုပါ ခြိမ်းခြောက်နေပြီလို့ ကိုထိန်လင်းက ပြောပါတယ်။
Video – Kim Aris-Htein Lin