မြန်မာ့အရေးဒေါ်လာ ၁၂၁ သန်းအကူညီရနိုင်မယ့် ဘဏ္ဍာရေးဥပဒေကြမ်းကို အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုလိုက်ပြီဖြစ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် လက်မှတ်ရေးထိုးဖို့သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
အဲဒီဘဏ္ဍာရေးဥပဒေကြမ်းကို အောက်လွှတ်တော်က ဇန်နဝါရီလ ၂၂ ရက်နေ့က အတည်ပြုခဲ့တာဖြစ်ပြီး၊ အခု အထက်လွှတ်တော်ကလည်း အတည်ပြုလိုက်ပြီဖြစ်လို့ သမ္မတ ဒေါ်နယ်ထရန့် လက်မှတ်ရေးထိုးဖို့သာ ကျန်ရှိတာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာအကူအညီများ ပါဝင်တဲ့ ဥပဒေကြမ်းကို အထက်လွှတ်တော်က ဇန်နဝါရီ ၃၀ ရက်နေ့က အတည်ပြုလိုက်ပြီဖြစ်တယ်လို့ အမေရိကန်အခြေစိုက် Los Angeles Myanmar Movement (LA2M) အဖွဲ့ ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေကလည်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ် ။
အခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးအကူအညီပေးပုံစံ ပြောင်းလဲသွားပြီး အမျိုးသားလုံခြုံရေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အောက်မှာ မြန်မာ့အရေးကူနိုင်မယ့် BURMA Act of 2022 ပါလုပ်ပိုင်ခွင့်တွေ ရရှိမှာဖြစ်ပါတယ်။
မြန်မာ့အရေး အကူအညီပေးမှုတွေ ပါဝင်မယ့် အဆိုပါ ဘဏ္ဍာရေးအစီအစဉ်သစ်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၇ ဘီလီယံ ခွင့်ပြုထားပြီး၊ အဲဒီလိုစုပေါင်းရန်ပုံငွေထဲမှ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့အကူအညီတွေအတွက် အနည်းဆုံး ဒေါ်လာ ၁၂၁ သန်း သုံးစွဲခွင့်ရှိဖို့ ဥပဒေမှာပြဋ္ဌာန်းထားပါတယ်။
မြန်မာနိုင်ငံရရှိမယ့် အမေရိကန်ဒေါ်လာ ရန်ပုံငွေ ၁၂၁ သန်းကို နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးလုပ်ငန်းများနဲ့ အမျိုးသား ညီညွှတ်ရေးအစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအတွက် လက်နက်မဟုတ်တဲ့ အကူအညီတွေ၊ အုပ်ချုပ်ရေးယန္တရားနဲ့ လူသားချင်းစာနာမှု အကူအညီတွေအတွက် သုံးစွဲနိုင်မှာ ဖြစ်တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

ဓာတ်ပုံ – MOHADM

ဓာတ်ပုံ – MOHADM