တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်း ဖမ်းဆီးမိတဲ့ စိတ်ကြွဆေးအလုံး ၅ သောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က ဇန်နဝါရီ ၂၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၂၀ ရက်က ပုလောမြို့နယ် ပေါင်းကျေးရွာတစ်ဝိုက်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ သွားလာ လှုပ်ရှားမှုကို ထောက်လှမ်းဖို့နဲ့ လုံခြုံရေးစစ်ဆေးဖို့ KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့ ရဲဘော်တွေသွားလာနေချိန် မသင်္ကာတဲ့ လူငယ် ၂ ယောက်ကို စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါး အများအပြားကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးများကို အများရှေ့မှောက်မှာ မှတ်တမ်းတင်စာရင်းသွင်းပြီးနောက် စိတ်ကြွဆေး ၅၃၀၀၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့အနေဖြင့် အာဏာသိမ်းစစ်ကော်မရှင်ကို တော်လှန်နေတဲ့အချိန် အတွင်း ပြည်သူများရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ် ဖောက်ကားမှုတွေကို ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Video – KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့