စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီကထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက်ပြည်သူကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက ဆားလင်းကြီး − ညောင်ပင်ကြီးလမ်းပိုင်း ရွှေလေးရွာတောင်ဘက် ရေကျော်တံတား ဒေသအခေါ် ခြောက်သံကွေ့နားမှာ ခရီးသွားပြည်သူတွေဆီကနေ ဆက်ကြေးကောက်ခံနေတဲ့ အကြမ်းဖက်စစ်သားတွေကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်ပြီး လက်နက်ငယ် တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“သူတို့က ဝမ်ပေါင်ကနေ ခြံစည်းရိုးကာဖို့အတွက် အဓိကထွက်လာတာ။ အဲဒီနားမှာ ဘက်ဟိုးလည်း ရှိတယ်။ ကားတစ်စီးလည်းရှိတယ်။ ကျွန်တော်တို့ ပစ်ခတ်တာကတော့ လမ်းပေါ်ခရီးသွားကုန်ကားတွေကို ပိုက်ဆံထွက်တောင်းပြီး ပြန်ဝင်တဲ့အချိန်ပစ်တာ။ အင်အားကတော့ ၂၀ လောက်တော့ ရှိတယ်” လို့ ချင်းတွင်း ဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Salingyi)ရဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကော်မရှင်တပ်ဘက်က ဒရုန်းဗုံးသီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အပြင် ဝမ်ပေါင်ထဲ ပြန်ဝင်လာချိန်မှာ အနီးနားက ခရီးသွားတစ်ယောက်ကိုလည်း ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ ဆိုပါတယ်။
“အဖမ်းခံရတဲ့သူက ပေလမ်းကနေလာပြီးမှ သူတို့နဲ့ ထိပ်တိုက်တွေ့သွားတာ။ သူတို့မသင်္ကာလို့စစ်ရင်း ဝမ်ပေါင်ထဲကို ခေါ်သွားတာ” လို့ အဆိုပါတာဝန်ရှိသူက ဆက်ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ချင်းတွင်း ဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Salingyi) ၊ SOLO အောင်ကြီး (Salingyi) ၊ ချင်းတွင်းကာကွယ်ရေး (CDF) ၊ ဆားလင်းကြီးမြို့နယ် (ပလဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။
Video – UIay Gyi