ကချင်ပြည်နယ် ဖားကန့်ဘက်ကို ဆီသယ်ကားမောင်းနှင်လာတဲ့ ယာဥ်မောင်းအမျိုးသား အပါအဝင် အမျိုးသမီးတစ်ယောက်နဲ့ စိတ်ကျန်းမာရေးမကောင်းသူ တစ်ယောက်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၉ ရက် မနက် ၁၀ နာရီလောက်မှာ ဆီသယ်ယာဉ်တစ်စီးဟာ အကြမ်းဖက်စစ်တပ်ဂိတ်ချ ထားတဲ့ မိုးကောင်းအနီး (၈)မိုင်ဂိတ်၊ မရမ်ကထောင်ဂိတ်၊ လုံးခင်းရွာအဝင်ယမ်းချက်ဂိတ်တွေကို ဖြတ်ကျော်ပြီး ဖားကန့်မြို့လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာရွာဘက်အရောက်မှာ ဖမ်းဆီးခံလိုက်ရတာလို့ သိရပါတယ်။
အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေက အဲဒီဆီကားကို ရပ်ခိုင်းပြီး ယာဉ်မောင်းတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကို ကားပေါ်ကဆင်းခိုင်းကာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ အဲ့ဒီလို စစ်တပ်က ဖမ်းဆီးနေတာကို ရပ်ကြည့်နေတဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“အဲဒီဆီကားကို လုံးခင်းကျေးရွာအုပ်စု ငြိမ်းချမ်းသာယာဘက်ခြမ်းမှာ လိုက်ဖမ်းတာ။ ဆီသယ်ကားလို့ပဲ သိရတယ်၊ စစ်သားရော ရဲတွေရော ကားနောက်ကိုလိုက်ပြီးဖမ်းတာ” လို့ ဖားကန့်နယ်ခံ တစ်ယောက်က မောင်းကို ပြောပါတယ်။
ဖမ်းဆီးခံရသူသုံးယောက်ကို အကြမ်းဖက်စစ်တပ်က လုံးခင်းယမ်းချက်ထဲ ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ သိရပါတယ်။ ဖားကန့်နယ်ထဲမှာ အခုလိုဆီကားတွေကို ဖမ်းဆီးတာနည်းပါးပြီး အရင်က မန္တလေး−ရွှေဘိုလမ်းပိုင်းမှာ ဆီသယ်ဆောင်လာတဲ့ကားတွေကို ဖမ်းဆီးတာမျိုးလောက်ပဲရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။