အကြမ်းဖက်စစ်တပ်ဟာ မွန်ပြည်နယ်၊ သထုံမြို့နယ်ကတဆင့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနဲ့ ကော့ကရိတ်မြို့ကို စစ်ကူအင်အားတွေ အလုံးအရင်းနဲ့ ပို့ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့က ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်းက မြဝတီမြို့၊ မင်းလက်ပံဒေသမှာ စစ်တပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက်အခုလို စစ်ကူတွေ ပို့ဆောင်လိုက်တာလို့ ဒေသခံတွေက ဆိုပါတယ်။
“တိုက်ပွဲတွေကတော့ ကြိုကျားကြိုကျား ဖြစ်နေတာပဲ။ ဒီမနက်ကတော့ ပြင်းထန်တယ်ပြောရမယ်။ လေယာဉ်တွေနဲ့ပါ ဗုံးလာကြဲသွားတယ်” လို့ မြဝတီမြို့ခံတဦးက မောင်းကို ပြောပါတယ်။


စစ်တပ်က ပို့ဆောင်လိုက်တဲ့ စစ်ကူယာဉ်တွေဟာ စုစုပေါင်း မော်တော်ယာဉ် ၃၅ စီးရှိပြီးအဲ့ ဒီထဲမှာ အမြောက်တပ်ဆင်ထားတဲ့ တင့်ကား ၅ စီးလည်း ပါဝင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“မနက်က Jet Fighter ၁ စီးနဲ့ ၄ခေါက်လာကြဲတယ်။ ကာမီကာဇေနဲ့ကလည်း ၃ ခေါက်လာကြဲသွားတယ်။ လူထိခိုက်မှုကတော့ မသိသေးပါဘူး။ မြဝတီမြို့ကတော့ စစ်ရေးတင်းမာနေပါတယ်။ စစ်တပ်စစ်ကူတွေလည်း တက်လာနေတယ်” လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်ကလည်း မောင်းကို ပြောပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့နောက်ဆုံးထားပြီး BGF အသွင်ပြောင်း KNA တပ်ဖွဲ့တွေကို မြဝတီမြို့က ထွက်ခွာဖို့ပြောထားတယ်လို့ သိရပါတယ်။ မထွက်ခွာရင် မြဝတီမြို့က ပွိုင့် (၁၈) ကို ဗုံးကြဲတိုက်ခိုက်မယ်ဆိုတဲ့ လျှို့ဝှက်စာပေါက်ကြားခဲ့ပြီးနောက်မှာ အခုလို ဗုံးကြဲတိုက်ခိုက်တာတွေ၊ စစ်အင်အား ဖြည့်တင်းတာတွေကို စစ်တပ်ကလုပ်ဆောင်လာတာ ဖြစ်ပါတယ်။
