အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲနဲ့ ကြံ့ခိုင်ရေးပါတီအနိုင်ရရှိခဲ့တဲ့အပေါ် ပြင်းထန်စွာရှုတ်ချလိုက်ပြီး၊ ဒီရလဒ်တွေဟာ တရားမဝင်ဘဲ ပယ်ချရမှာ ဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က ထုတ်ပြန်လိုက်ပါတယ်။
တရားဝင်မှု လုံးဝမရှိတဲ့ အခြေအနေ အောက်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ မဲပေးဖို့ဖိအားပေး ခြိမ်းခြောက်မှုကြားက အနိုင်ရလဒ်အတွက် ပြင်းထန်စွာရှုတ်ချတယ်လို့လည်း APHR က ဆိုပါတယ်။
” ဒေသတွင်းနှင့် နိုင်ငံတကာအစိုးရများအပြင် ဥပဒေပြုအမတ်များအနေဖြင့် စစ်ကောင်စီ၏ ဟန်ပြရွေးကောက်ပွဲနှင့် ၎င်းမှတစ်ဆင့် ဖွဲ့စည်းလာသော မည်သည့်အဖွဲ့အစည်းကိုမဆို လူသိရှင်ကြား ပယ်ချရမည်ဖြစ်သည်” လို့ APHR က ထုတ်ပြန်ခဲ့တာပါ။
ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဟာ တရားဝင်မှု၊ ပြည်သူလူထုပါဝင်မှုနဲ့ နယ်မြေစိုးမိုးမှု ကင်းမဲ့နေပြီးစစ်အာဏာရှင် စနစ်ခိုင်မြဲစေဖို့နဲ့ စစ်ရာဇဝတ်ကောင်တွေကို အကာအကွယ်ပေးဖို့ အသုံးပြုနေတာသာ ဖြစ်လို့ ဒေသတွင်းနဲ့ နိုင်ငံတကာအစိုးရတွေက ပယ်ချရမယ်လို့လည်း ဆိုပါတယ်။
ဒီလုပ်ငန်းစဉ်နဲ့ သူရဲ့ရလဒ်တွေကို ပုံမှန်အခြေအနေလို လက်ခံဖို့ သို့မဟုတ် တရားဝင်ဖြစ်အောင် လုပ်ဖို့ ကြိုးပမ်းမှုမှန်သမျှကို လက်မခံဘဲ ပယ်ချရမယ်လို့လည်း APHR က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအနေနဲ့လည်း အကြမ်းဖက်စစ်တပ်ရဲ့ ဟန်ပြရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်မပြုဘဲ ငြင်းဆန်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရန် ဖိအားပေးဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေရရှိစေဖို့နဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေကိုအရေးယူနိုင်ဖို့ ဒေသတွင်းကို ဦးဆောင် ဖို့လည်း APHR က တိုက်တွန်း ထားပါတယ်။
” အာဆီယံအနေဖြင့် ကျဆုံးနေသော ‘ဝင်ရောက်မစွက်ဖက်ရေး’ မူဝါဒကို ကျော်လွန်၍ မြန်မာပြည်သူများ၏ အသံကို ကျယ်ကျယ်လောင်လောင် ကြားရအောင် လုပ်ဆောင်ပေးရမည် ဖြစ်ပြီး၊ ဒီမိုကရေစီ၊ တရားမျှတမှုနှင့် ဘေးကင်းလုံခြုံမှုတို့အတွက် ၎င်းတို့၏ မျှော်မှန်းချက်များကို လက်တွေ့ကျကျ ပံ့ပိုးကူညီပေးရမည် ဖြစ်သည်” လို့ APHR က ဆိုပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတု အပိုင်း ၁ နှင့် ၂ မဲရလဒ်တွေအရ ကြံ့ခိုင်ပါတီက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ ကိုယ်စားလှယ်လောင်းနေရာ ၄၇၁ နေရာရထားတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်နေတဲ့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။