ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်အတွင်းကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က သတင်းထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့၊ ည ၉ နာရီခွဲဝန်းကျင်အချိန်မှာ စစ်တပ်ရဲ့ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ (ခမရ-၃) တပ်ရင်းကနေ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို (၁၂၀) မမ လက်နက်ကြီး (၃) လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလို လက်နက်ကြီးဟာ ကျိုက်ထိုမြို့နယ်၊ အလူးကျေးရွာအုပ်စုအတွင်းရှိ အလူးကြီးရွာမှာ (၁) လုံး၊ ဖိုးဝါးသိမ်ရွာ ဘုရားကုန်းအနီးမှာ (၁) လုံး နဲ့ ညောင်ထောက်ရွာအနီးမှာ (၁) လုံး အသီးသီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်နဲ့ စိုက်ပျိုးသီးနှံပင်တွေ ထိခိုက်ပျက်စီးခဲ့ရသလို အလူးကြီးကျေးရွာက စောပေစိရဲ့ နေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့ရုံသာမက နေအိမ်အတွင်းရှိနေတဲ့ မိသားစုဝင်တွေပါ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေမှာ အသက် (၅၉) နှစ်အရွယ် နော်အေးဝင်းနဲ့ အသက် (၃) နှစ်အရွယ် မိုးရွှေစင်တို့ဖြစ်ပြီး အသက် (၂၇) နှစ်အရွယ် နော်သော်တာမှာလည်း ညာလက်မောင်းမှာ ကျည်စထိမှန်ကာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ KNU ကနေ သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။
.
(ဓာတ်ပုံ KNU) 



