ထိုင်းနိုင်ငံမှာ အေးချမ်းစွာ နေထိုင်ကြောင်းပြသတဲ့ ၁၄ ရက်ကြာ အနေအထိုင်ဆင်ခြင်ရေး လှုပ်ရှားမှုမှာ မြန်မာနိုင်ငံသားတွေ ပူးပေါင်းပါဝင်ပေးကြဖို့ ထိုင်းရောက် မြန်မာအရေးလှုပ်ရှားသူတွေက လှုံ့ဆော်နေကြပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေထဲ ဖြစ်ပွားခဲ့တဲ့ ထိုင်းရောက် မြန်မာလုပ်သားတချို့ရဲ့ ဖြစ်စဥ်တွေအပြီး မြန်မာအရေးလှုပ်ရှားနေသူတွေက အခုလို ကမ်ပိန်းကို ဦးဆောင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
အဲ့ဒီ ၁၄ ရက်ကြာ အနေအထိုင်ဆင်ခြင်ရေးလှုပ်ရှားမှုဟာ အိမ်ရှင်ထိုင်းနိုင်ငံသားတွေရဲ့ ဥပဒေအတိုင်းမြန်မာနိုင်ငံသားတွေ၊ ရွှေ့ပြောင်းလုပ်သားတွေက ငြိမ်းချမ်းစွာ လက်ခံနေထိုင်ကြောင်းပြသဖို့ ရည်ရွယ်လုပ်ဆောင်တာလို့လည်း သိရပါတယ်။
ဒါ့အပြင် ဒီလှုပ်ရှားမှုဟာ သက်ဆိုင်ရာ ထိုင်းအစိုးရနဲ့ ထိုင်းနိုင်ငံသားတွေအပေါ် ဆန္ဒပြ၊ အာဏာဖီဆန်တာမျိုးမဟုတ်ပဲ မြန်မာနိုင်ငံသားတွေရဲ့အေးချမ်းစွာ အတူယှဥ်တွဲနေထိုင်တာကို ပြသဖို့နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်မားတာကိုပြသဖို့ ဖြစ်တယ်လို့ ထိုင်းရောက်မြန်မာအရေးလုပ်ဆောင်နေတဲ့ ကိုရဲမင်း(AAC) ကလည်း ပြောပါတယ်။
ကိုရဲမင်းက “နှစ်ပတ်တာ ငြိမ်သက်တိတ်ဆိတ်ခြင်းဆိုတာ စည်းကမ်းရှိကြောင်း၊ နှိမ့်ချတတ်ကြောင်း၊ ယဉ်ကျေးကြောင်းလိမ္မာပါးနပ်စွာနဲ့ ဖော်ထုတ်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ဆန္ဒပြတာ မဟုတ်ပါ။ သပိတ်မှောက်တာ မဟုတ်ပါ။ နိုင်ငံရေးလှုပ်ရှားမှုလဲ မဟုတ်ပါ။ ငြိမ်သက်တိတ်ဆိတ်လိုက်ခြင်း ရည်ရွယ်ချက်က အေးအေးချမ်းချမ်းနေလိုတာကို ပြသတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်။ စိတ်ဓာတ်ပိုင်းမြင့်မားတာကို ပြသတာ ဖြစ်ပါတယ်။ ခိုလှုံခွင့်ပေးထားတဲ့ ထိုင်းနိုင်ငံရဲ့ တရားဥပဒေတွေကို လေးစားလိုက်နာလျက်ရှိကြောင်း ဖော်ပြတဲ့ လုပ်ရပ်ဖြစ်တယ်” လို့ သူ့ရဲ့လူမှုကွန်ရက်ကတဆင့်ရေးသားခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံသားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ဖို့မဟုတ်ကြောင်းနဲ့ စစ်အုပ်စုရဲ့ လူမျိုးရေး၊ နိုင်ငံရေး အမုန်းတရားပြန့်ပွားစေနိုင်တဲ့ သွေးခွဲတာမျိုးတွေကိုအထူးဂရုစိုက်ရှောင်ရှားစေလိုကြောင်းလည်း သူကပြောကြားထားပါတယ်။
ဒီလှုပ်ရှားမှုကို ဇန်နဝါရီလ ၂၆ရက်နေ့ကစလို့ မြန်မာလုပ်သားတွေအများဆုံးရှိရာ မဲဆောက်၊ မဟာချိုင်၊ အယုဒ္ဓယမြို့ စတဲ့မြို့တွေက ရပ်ကွက်တွေ၊ စျေးတွေမှာ လုပ်ဆောင်နေကြတာဖြစ်ပြီး မြန်မာနိုင်ငံသားတွေပူးပေါင်းပါဝင်မှု များပြားတယ်လို့ သိရပါတယ်။
.
.
တိတ်ဆိတ်ခြောက်ကပ်နေသည့် မဟာချိုင်နယ်မြေ၊ ထိုင်းယူနစ်လမ်းမကြီးနှင့် စျေးမြင်ကွင်း (ဓာတ်ပုံ Ye Min (A.A.C))


