စစ်အုပ်စုက ကျင်းပပြုလုပ်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ သမ္မတအိမ်ပြာတော်ရှေ့မှာ မြန်မာနိုင်ငံသားတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။
ကိုရီးယား၊ ဂျပန်နဲ့ ဩစတေးလျ သုံးနိုင်ငံက မြန်မာနိုင်ငံသားတွေစုပေါင်းကာ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာ လို့ မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ချုပ် (MFDMC) ရဲ့ အတွင်းရေးမှူး ကိုလင်းအိမ်က ပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ အဲ့ဒီ သတင်းစာရှင်းလင်းပွဲကို တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ သမ္မတအိမ်ပြာတော်ရှေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ထုတ်ပြန်ချက်ကို သမ္မတရုံးကိုလည်း ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှုမရှိတာကြောင့် နိုင်ငံတကာအစိုးရတွေ အနေနဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံကြောင်း အတိအလင်း ထုတ်ဖော်ပြသဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပိုမိုထိတွေ့ဆက်ဆံပြီး မြန်မာပြည်သူတွေအတွက် လက်တွေ့ကျတဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့စတာတွေကို တိုက်တွန်းတောင်းဆိုထားတယ်လို့ သိရပါတယ်။
ဒီကနေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုရီးယားအခြေစိုက် မြန်မာတော်လှန်ရေးအဖွဲ့အစည်း ၄၀ ပါဝင်တဲ့ “စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ” က ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပြီး ကိုရီးယားအရပ်ဘက် အဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
အခမ်းအနားအပြီးမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီနဲ့ MFDMC တို့ရဲ့ ထုတ်ပြန်ချက်တွေကို ကိုရီးယားဘာသာနဲ့ ဖတ်ကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို မနက် ၁၁ နာရီအချိန်မှာ အောင်မြင်စွာ ရုတ်သိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။


