ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ် တပ်သား (၅) ဦးဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဆီဘက်ပြောင်း ခိုလှုံလာခဲ့တယ်လို့ KNU မြိတ်ခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စစ်တပ်ရဲ့ ခြေလျင်တပ်ရင်း (ခလရ-၄၀၆) ကတပ်သား ၅ ဦးဟာ KNLA တပ်မဟာ (၄)၊ တပ်ရင်း (၁၀) ကို အလင်းဝင်ရောက်လာတာဖြစ်ပြီး သူတို့နဲ့အတူ MA-1 (၃) လက်၊ MA-2 (၁) လက်၊ MA-3 (၁) လက်၊ BA-100 (၁) လက် အပါအဝင် ကျည်ဆန်တွေနဲ့ အခြားစစ်သုံးပစ္စည်းတချို့ကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့တာလို့ သိရပါတယ်။

လက်ရှိ အာဏာသိမ်းစစ်တပ်အတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံနေရတဲ့ တပ်သားတွေ အနေနဲ့ နီးစပ်ရာတော်လှန်ရေး တပ်ဖွဲ့တွေဆီကို ရရာနည်းလမ်းနဲ့ ဆက်သွယ် လက်နက်ချ အလင်းဝင်ရောက် ဖို့ကိုလည်း KNU ကတိုက်တွန်းနှိုးဆော် ထားပါတယ်။