မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်တာကာလ (၂၀၂၁-၂၀၂၅) အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) လေးပုံ သုံးပုံခန့် ထိုးဆင်းသွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံကျော်သာ ရှိခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အရင် NLD အစိုးရလက်ထက် (၂၀၁၆-၂၀၂၀) က ဝင်ရောက်ခဲ့တဲ့နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ၂၈.၇ ဘီလီယံကျော်နဲ့ နှိုင်းယှဉ်ရင် ၇၅ ရာခိုင်နှုန်း (လေးပုံသုံးပုံ) ခန့် လျော့နည်းသွားတာဖြစ်ပြီး အာဏာသိမ်းပြီး ၅ နှစ်အတွင်း ဝင်ရောက်တဲ့ ပမာဏစုစုပေါင်းဟာ ၂၀၁၆ ခုနှစ် တစ်နှစ်တည်းမှာ ဝင်ရောက်ခဲ့တဲ့ FDI ပမာဏကိုတောင် မမှီတာကိုတွေ့ရှိရတယ်လို့ ISP Myanmar ရဲ့ အချက်အလက်များက ဖော်ပြနေပါတယ်။
အရင်က စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အဓိကရင်းနှီးမြှုပ်နှံသူ ဖြစ်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာ တရုတ်နိုင်ငံက အဓိကရင်းနှီးမြုပ်နှံသူဖြစ်လာခဲ့ပြီး ၂၀၂၁ ခုနှစ်ကနေ စတင်ဝင်ရောက်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ၄၇ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံက ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်က မျှော်လင့်ထားသလို ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေဟာ မျှော်မှန်းသလောက် ဝင်ရောက်လာတာ မရှိဘူးလို့လည်း ISP Myanmar ကဆိုပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဆုတ်ခွာသွားရတာဟာ အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေ၊ မူဝါဒအပြောင်းအလဲတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ လျှပ်စစ်မီးပြတ်တောက်တာတွေက အဓိက အကြောင်းရင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို လူနေမှုစီးပွားရေး အကျပ်အတည်းတွေကြောင့် ၂၀၂၅ တနှစ်တည်းမှာပဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူ ၈၆ ဦးအထိ ရှိခဲ့ပြီး သက်သေသူအများစုဟာလည်း အသက် ၁၉ နှစ်ကနေ ၂၅ နှစ်အကြား လူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုအခြေအနေတွေရှိနေပေမယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ သူ့လက်ထက်မှာ စဥ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုတွေကြောင့် ကုန်သွယ်မှုလိုငွေက အနှုတ်လက္ခဏာကနေ အပေါင်းလက္ခဏာ (ပိုငွေ) ဖြစ်လာပြီး ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၂ ဘီလီယံ တက်လာတယ်လို့ ကျိုင်းတုံမြို့ တွေ့ဆုံပွဲမှာ ခပ်တည်တည်ပြောဆိုခဲ့ပါတယ်။
ဒီလို မင်းအောင်လှိုင်ရဲ့ပြောဆိုမှုအပေါ် “ရွှေဝါဆပ်ပြာလိုတောင် City Mart မှာ တင်ရောင်းရတဲ့အထိ နိုင်ငံခြားလူသုံးကုန် နဲ့ ဆေးဝါးတွေကို တင်သွင်းခွင့် ပိတ်ထားမှတော့ ကုန်သွယ်ရေးပိုငွေပြတာ မဆန်းပါဘူး။ ထုတ်ကုန်မရှိဘဲ တွင်းထွက်တွေကိုအောက်စျေးနဲ့ တင်ပို့နေရတဲ့ မင်းအောင်လှိုင်ရဲ့ အိမ်တိုင်ချွတ်ရောင်းနေတဲ့ စီးပွားရေးကသာ တိုင်းပြည်ကို ဆင်းရဲတွင်း နစ်သထက်နစ်စေနေတာ” လို့ စီးပွားရေးပညာရှင်များက ထောက်ပြကြပါတယ်။
ဒါ့အပြင် စစ်ကောင်မရှင်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ရဲ့ အချက်အလက်များမှာတောင် အခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု FDI ဝင်ရောက်မှုဟာ ဒေါ်လာသန်း ၃၀၀ ကျော် ထပ်မံကျဆင်းသွားခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရှားရှားပါးပါး ဝန်ခံထုတ်ပြန်ခဲ့ပါသေးတယ်။။