မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်များ တစ်နေ့ထဲမှာ ထိတွေ့တိုက်ပွဲနှစ်နေရာမှာ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ဗိုလ်အဆင့်ရှိသူအပါ ၂၂ ယောက်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲများအတွင်း စစ်တပ်ရဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ပြီး၊ MBT ဖက်မှလည်း တပ်ဖွဲ့ဝင် ၂ ယောက် ကျဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၀) ရက်နေ့က မြင်းခြံမြို့နယ် အရှေ့နဲ့အနောက်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ MBT တပ်ဖွဲ့ပါဝင်တဲ့ တော်လှန်ရေးတပ်တွေ တစ်နေ့တည်း ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တာပါ။
ပထမဆုံးအနေနဲ့ မြင်းခြံမြို့အရှေ့ဘက်၊ မြင်းခြံနဲ့နွားထိုးကြီးမြို့နယ်အစပ်မှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနေ့ မနက်ပိုင်း ၇ နာရီ အချိန်လောက်ကစလို့ ညနေပိုင်းအထိ ဖြစ်ပွားခဲ့တာဖြစ်ပြီး အရေးနိမ့်နေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဒရုန်း၊ Mi35ရဟတ်ယာဥ်၊ ဂျက်ဖိုက်တာ စတဲ့ လေကြောင်း ပစ်ကူတွေပါ သုံးခဲ့တယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၇ ယောက်သေဆုံးပြီး အများအပြားထိခိုက်သွားသလို လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သူကဆိုပါတယ်။ ယင်းတိုက်ပွဲကို Myingyan Black Tiger (MBT)နဲ့အတူ ဗိုလ်စားပြောက်ကြားတပ်ဖွဲ့နဲ့ Burmese Guerilla Force (BGF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
ဇန်နဝါရီ ၂၀ ရက်၊ အဲ့ဒီနေ့ မနက်ပိုင်းမှာပဲ မြင်းခြံမြို့အနောက်ဘက် ပတ္တာရွာနဲ့ လေးအိမ်တန်းရွာအကြားမှာလည်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၁ နာရီကြာ ဖြစ်ခဲ့ပါတယ်။
ဒီတိုက်ပွဲမှာတော့ အကြမ်းဖက်စစ်တပ်ဘက်က ဗိုလ်အဆင့်ရှိသူ (၁) ယောက် အပါအဝင် ၁၅ ယောက်သေဆုံးပြီး အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MBT တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ယင်းတိုက်ပွဲကို Myingyan Black Tiger (MBT)နဲ့အတူ MGN အညာသားပြောက်ကြားတပ်ဖွဲ့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
ဗိုလ်မိုက်ခဲက အဲ့ဒီနေ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနှစ်နေရာမှာ MBTတပ်ဖွဲ့ဝင် ၂ ယောက်ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ (၁၄) ယောက်ရှိခဲ့တယ်လို့ ပြောပါတယ်။
“စစ်ကြောင်းက ၂ခု၊ မြင်းခြံရဲ့နေရာ ၂ နေရာမှာ ဖြစ်ခဲ့တာပါ။ သူတို့ကို ခုခံတာထက် ထိပ်တိုက်တွေ့ခဲ့တာချည်းပါပဲ။ မြင်းခြံအနောက်ဘက်မှာ သူတို့အင်အားက (၃၀၀) လောက်ပါတယ်။ အရှေ့ဘက်ကျ (၂၀၀) လောက်နဲ့ပေါ့။ ရဲဘော်တွေက စနိုက်ပါထိတာနဲ့ဒရုန်းဗုံးမှန်ခဲ့တာကြောင့်ရယ်ပါ။” လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲကမောင်းကို ပြောခဲ့ပါတယ်။
ပုံစာ- Myingyan Black Tiger (MBT) တပ်ဖွဲ့ဝင်များ တိုက်ပွဲဝင်နေစဥ်