ပဲခူးတိုင်း၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်ထဲကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးအပြင် ဒရုန်းနဲ့ပါပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၃ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ ခဲ့တယ်လို့ ဇန်နဝါရီ ၂၃ ရက်နေ့ ညပိုင်းမှာ ကေအဲန်ယူ-ဗဟိုက ထုတ်ပြန် ထားပါတယ်။
ပဲနွယ်ကုန်းမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၂၁ ရက်နေ့လည် ၁၂ နာရီ မိနစ် ၅၀ လောက်မှာ ဇရပ်ခင်ကျေးရွာထဲကို ၁၂၀ မမ လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဇရပ်ခင်ကျေးရွာက ဒေါ်သီတာစန်း (၃၅)နှစ်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
တစ်ရက်တည်းမှာပဲ အကြမ်းဖက်စစ်တပ်ဟာ နေ့လည် ၁ နာရီခွဲကျော်လောက်မှာ နတ်လောင်းကြီး ကျေးရွာထဲကို ဂျိုင်ရိုကော်ပတာနဲ့ ပစ်ခတ်ခဲ့လို့ ဦးသောင်းစိန် (၆၉) နှစ် ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၂၀ ရက် နေ့လည် ၁၁ နာရီခွဲလောက်ကလည်း မူးမြို့နယ်ထဲက(မာနေ)ကွင်းနေရာနားကို ဒရုန်းဗုံးသီး (၁)လုံးပစ်ခတ်ခဲ့ရာ ဦးမဲလုံး (၅၄)နှစ် နဲ့ ကျော်မင်းထက် (၂၈)နှစ်တို့ သေဆုံးခဲ့ပြီး ကိုမင်းခန့် (၁၃)နှစ်နဲ့ မေကဗျာ (၂၄) နှစ်တို့ ဒဏ်ရာရရှိခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။
(ဓာတ်ပုံ KNU) 



