မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တလုတ်ကုန်းကျေးရွာက PDF တွေကို စိန်ခေါ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ထောက်တိုင် ကြံ့ခိုင်ရေးပါတီဝင် မြင့်စိန်နဲ့ ဇနီးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မကွေး တောင်တွင်းကြီး အထူးပြောက်ကျား တပ်ဖွဲ့ဆီက သိရပါတယ်။
မြင့်စိန်ဟာ သူ့ရဲ့အိမ်ရှေ့မှာ ကြံ့ခိုင်ရေးပါတီဆိုင်းဘုတ် ထောင် မဲရုံဆောက်ပြီး ပြည်သူတွေကို အတင်းအကြပ် မဲထည့်ခိုင်းခဲ့သလို၊ လာရဲတဲ့ PDF လာခဲ့လို့ စိတ်ခေါ်တဲ့ အတွက် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၂ ရက် ညနေ ၄ နာရီလောက်မှာ မြင့်စိန်ရဲ့နေအိမ်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရတာပါ။
“သူက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ကြိုးကိုင်ထားတာ။ မှတ်ပုံတင်၊အိမ်ထောင်စုစာရင်း၊ ထောက်ခံ စာတွေ သူကပဲလုပ်တယ်။ သူ့အမျိုးသမီးရော သူရော နှစ်ယောက်လုံး ကြံဖွတ်ပါတီဝင်တွေ” လို့ မကွေး တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
မြင့်စိန် နဲ့ ဇနီးဖြစ်သူ လှကြည်တို့ဟာ ကျေးရွာမှာ မီတာခကောက်ခံတာ၊ ကျေးရွာရန်ပုံငွေတွေ သိမ်းဆည်းတာ မျိုးတွေလည်း လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မြင့်စိန်ကိုသွားရောက် ရှင်းလင်းချိန်မှာလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်မှန်းမသိဘဲ ရဲဘော်တွေကို ခပ်မာမာဆက်ဆံခဲ့တယ်လို့ ဆိုပါတယ်။
” သူ့အိမ်ရောက်တဲ့အချိန် သူကဘယ်ရွာကလဲ မမြင်ဖူးဘူး၊ ဘာလုပ်တာလဲ ခပ်မာမာပဲပြောတယ်။ သူ့မိန်းမက သူ့အမျိုးသားထက်ဆိုးတယ်။ သူ့ကိုရှင်းပြီးတော့ ဘယ်စစ်သား ရဲမှလည်း မလာဘူး” လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
မြင့်စိန် နဲ့ အမျိုးသမီးဖြစ်သူ လှကြည်တို့ဇနီးမောင်နှံဟာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးကထဲက ငါတို့ခေတ်ရောက်ပြီလို့ ကြွေးကြော်ခဲ့သူတွေလို့ သိရပါတယ်။
အဲဒီလိုကြွေးကြော်ပြီး မကြာမီမှာပဲ သူတို့ဟာ ဒေသခံတွေဆီကနေ မီတာခတွေ ပိုမိုကောက်ခံတာ ၊ မဲမထည့်တဲ့သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက်ပြောဆိုတာမျိုး လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
တောင်တွင်းကြီးမြို့နယ်က စစ်ကော်မရှင်သတင်းပေး ဒလံတွေ၊ ပျုစောထီးတွေအနေနဲ့ စစ်တပ်ကို သတင်းပေးတိုင်ကြားတာ၊ ပြည်သူတွေအပေါ် ငွေကြေးအတင်းအဓမ္မကောက်ခံတာ၊ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲတွေမှာ ပါဝင်ပတ်သက်တာတွေ လုပ်ရင်အချိန်မရွေးပစ်ခတ်ရှင်းလင်းသွားမှာဖြစ်တယ်လို့ မကွေး တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။