ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာ နာရေးဆုတောင်းပွဲတစ်ခုကို အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သေဆုံးသူ ၂၂ ယောက်ထိ ရှိလာပြီး အများအပြား ထိခိုက်ထားတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန် စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရ တာကြောင့် အရပ်သားပြည်သူ တွေထိခိုက်သေဆုံးခဲ့ရတာလို့ သိရပါတယ်။
ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင် စစ်တပ်က တိုက်ပွဲနေရာ မဟုတ်တဲ့ ဆီးလင်း၊ ကောင်ဂျာရွာမှာ ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ အရပ်သား အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတယ် လို့လည်း KIO က ဒေသတွင်း သတင်းဌာနတချို့ကို ပြောဆိုထားပါတယ်။
ဇန်နဝါရီလ ၂၂ရက် ညနေပိုင်းက ဗန်းမော်မြို့၊ ဧရာဝတီမြစ် တစ်ဖက်ကမ်းမှာရှိတဲ့ ကောင်ဂျာကျေးရွာကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၅၀၀) ဗုံး ၂ ကြိမ်ဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ ပေါင် (၅၀၀) ဗုံးသီး(၄) လုံးကြဲချခဲ့တာဖြစ်ပြီး ဗုံးသီးတွေဟာ ကျေးရွာအတွင်းကအရပ်သားတွေ စုပြီး နာရေးဆုတောင်း ဝတ်ပြုနေချိန် ပေါက်ကွဲခဲ့တာကြောင့် ထိခိုက် သေဆုံးတာတွေ များခဲ့တယ်လို့ သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကောင်ဂျာရွာမှာ ဗန်းမော်မြို့တိုက်ပွဲတွေကနေ လာရောက်ခိုလှုံနေတဲ့ စဘေးရှောင်တွေလည်းရှိနေပြီး အခုလို လူစုလူဝေးနဲ့ ဆုတောင်းနေချိန်ကို အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက် ခဲ့တာလို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိ သိရတဲ့သတင်းတွေအရ သေဆုံးသူအရေအတွက် အယောက် (၂၀) ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရသူ အများ အပြား ရှိတယ်လို့လည်း သိရပါတယ်။
ထိခိုက်သူတွေထဲမှာ လသားအရွယ် ကလေးငယ်တွေ ပါဝင်ပြီး မိဘဖြစ်သူတွေ သေဆုံး သွားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
အချိန်ကြာလာပြီဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)ရဲ့ ဗန်းမော်မြို့ သိမ်းတိုက်ပွဲဟာ လက်ရှိမှာ ပိုမိုပြင်းထန်လာပြီး အကြမ်းဖက်စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

