စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ကလေးမြို့နယ်တွေမှာ အကြမ်းဖက် စစ်တပ်ဂိတ်နဲ့ စစ်ကူကားတွေ တိုက်ခိုက်ခံရပြီး စစ်တပ်ဘက် ၈ ယောက်သေဆုံးကာ အများပြားထိခိုက်သွားတယ်လို့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေ ကသတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၂၀ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ ချိုင်းကြီးကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို မတ္တရာမြို့နယ် ပကဖနဲ့ နယ်မြေခံတပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်တပ်ဂိတ်နဲ့ တော်လှန်ရေးတပ်တွေ နာရီဝက်လောက် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ယောက် မျက်မြင်သေဆုံး ခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
” အင်အား၃၀နဲ့ ၅၀ကြားရှိတဲ့အထိုင်ဂိတ်ပါ။ ကျွန်တော်တို့ဝင်ပစ်တော့ နာရီဝက်လောက် ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်” လို့ မောင်းကို ပြောပါတယ်။
တိုက်ပွဲအတွင်း သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာကိုယ်စီနဲ့ ထွက်ပြေး သွားသူတွေလည်း ရှိခဲ့ကာ တော်လှန်ရေးဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာလည်း မြို့ပေါ်ကနေ အင်အားဖြည့်ဖို့ ထွက်လာတဲ့ စစ်ကူကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားပေါ်ပါလာတဲ့ စစ်သားတွေထိခိုက် သေဆုံးခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့ Kalay UG အဖွဲ့က ထုတ်ပြန်ထား ပါတယ်။
ဇန်နဝါရီလ ၂၁ရက်နေ့ ညနေပိုင်းက ကလေးမြို့တောင်ဘက်ကို စစ်ကူအင်အားလာဖြည့်တဲ့ အကြမ်းဖက်စစ်ကားကို အဖွဲ့စက် ဂိတ်အကျော် ရွာဆိုးတံတား အရောက်မှာ UG တပ်ဖွဲ့ဝင်တွေက အသင့်စောင့်ကြို မိုင်းဆွဲခဲ့တာလို့ သိရပါတယ်။
အသင့်ပြင်ထားတဲ့ မိုင်း ၃ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တဲ့အတွက် ကားပေါ်ပါလာတဲ့ အကြမ်းဖက်စစ်သား ၃ ယောက်မျက်မြင် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်းရှိခဲ့တယ်လို့ Kalay UG အဖွဲ့က ဆိုပါတယ်။
ဒါ့အပြင် အဲ့ဒီလို တိုက်ခိုက်ခံရအပြီး မကြာခင်မှာပဲ ကလေးမြို့က စစ်အုပ်စုတွေ အခင်းဖြစ်ရာ ရွာဆိုးတံတားကို ရောက်ရှိလာကြပြီး တံတားအနီးအနား ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့သလို အနီးအနားကျေးရွာက အရပ်သားတွေကိုလည်း ရိုက်နှက်စစ်ဆေး ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။