၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်မြို့မှာ လူပေါင်း ၂ ထောင်ကျော်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့ပြီး အဲ့ဒီအထဲ ကစစ်မှုထမ်းအတွက် လူ ၄၀၀ နီးပါးပါဝင်ခဲ့တယ်လို့ Rangoon Scout Network ရဲ့ထုတ်ပြန်ချက် အရသိရပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ရန်ကုန်တိုင်း မြို့နယ်တွေမှာ လူပေါင်း၂၀၃၅ ယောက်အထိဖမ်းဆီးခဲ့တာဖြစ်ပြီး အဲ့ဒီထဲက လူပေါင်း၂၉၄ ယောက်ကို အကျဉ်းထောင်နဲ့ စစ်မှုထမ်း သင်တန်းကျောင်းတွေဆီ ပို့ဆောင်ခဲ့တာလို့ သိရပါတယ်။
“ဒီအချက် အလက်တွေက RSN ကိုပေးပို့လာတဲ့ သတင်းတွေ၊ ချိတ်ဆက်အဖွဲ့အစည်းတွေဆီက သိရတဲ့ သတင်းတွေနဲ့ မီဒီယာသတင်းတွေကို ကိုးကားပြုစုထားတာပါ။ မြေပြင်မှာ ဒီထက်ပိုဆိုးရွားနိုင်ပါတယ်” လို့ Rangoon Scout Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ဖမ်းဆီးခံရပြီး စစ်အုပ်စုလက်ကနေ ပြန်လည်လွတ်မြောက်လာသူ၂၈၂ယောက်ရှိပြီး ကျန်ရှိတဲ့ ၁၄၅၉ ယောက်ကိုတော့ လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးဘူးလို့ Rangoon Scout Network က ပြောပါတယ်။
စစ်ရေးလှုပ်ရှားမှု၊ ထောက်ပို့လုပ်မှု၊ သပိတ်လှုပ်ရှားမှုနဲ့ ဆန္ဒပြမှုတွေလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရသူ ၁၄၇ယောက်ရှိခဲ့ပြီး စစ်အုပ်စု ရွေးကောက်ပွဲကို ဝေဖန်မှုကြောင့်လည်း အနုပညာရှင်တွေအပါ လူပေါင်း ၃၃ ယောက်အထိ ဖမ်းဆီးခံခဲ့ရကြောတယ်လို့ သိရပါတယ်။
ဖမ်းဆီးတဲ့အခါ စစ်အုပ်စုအနေနဲ့ နေရပ်လိပ်စာအတိကျနဲ့ ရှာဖွေဖမ်းဆီးတာအပါအဝင် ရမ်းသမ်းဖမ်းဆီးတာ၊ ရှောင်တခင်ဖမ်းဆီးတာနဲ့ လိမ်လည် ဖမ်းဆီးတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်မှုထမ်းအတွက်ဆိုကာ လူပေါင်း ၄၀၀ နီးပါးအထိ ဖမ်းဆီးခဲ့ပြီး အဲ့ဒီထဲကမ လူပေါင်း ၁၇၇ ယောက်ကို စစ်မှုထမ်းကျောင်းတွေဆီ ပို့ဆောင်လိုက်သလို ပိုက်ဆံနဲ့ ပြန်လွှတ်ပေးလိုက်သူ ၂၉ ယောက်ရှိတယ်လို့ သိရပါတယ်။
ကျန် ၁၈၂ ယောက်ရဲ့ နောက်ဆက်တွဲကိုတော့ ဘာမှ မသိရသေးဘူးလို့ Rangoon Scout Network ကထုတ်ပြန်ထားပါတယ်။
စစ်သင်တန်းကျောင်းပို့ဆောင်ခံရသူတွေထဲ ပြန်လည်လွတ်မြောက်လာသူ ၁၅ယောက် ရှိတယ်လို့လည်း သိရပါတယ်။
အကြမ်းဖက်စစ်တပ်အနေနဲ့ပြီးခဲ့တဲ့ ဇန်နဝါရီလ ကစလို့ ဒီဇင်ဘာလထိ ၁၂ လအတွင်း စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၉ မှ ၂၀ ထိ ပြုလုပ်သွားခဲ့တယ်လို့ သိရပြီး သတင်းထုတ်ပြန်ချက်တွေအရ သင်တန်း အပတ်စဥ်တိုင်းမှာ ပျှမ်းမျှ လူ ၆၀၀ နဲ့ ၄၀၀နီးပါး ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။