နယ်မြေအသီးသီးက တော်လှန်ရေးအင်အားစုတွေအကြား ပွတ်တိုက်မှု၊ ပဋိပက္ခတွေ ဟာ အဖွဲ့အစည်းအချင်းချင်းအကြား စိတ်ဝမ်းကွဲမှုကိုဖြစ်စေပြီး စစ်အုပ်စုအတွက် အခွင့်အရေးပေးရာ ရောက်တာကြောင့် အချင်းချင်း ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ တိုက်တွန်းထုတ်ပြန်လာပါတယ်။
နွေဦးတော်လှန်ရေး (၅) နှစ်တာကာလအတွင်း တော်လှန်ရေး အင်အားစုတွေအကြား ညီညွတ်မှုတွေ ရှိလာသလို တစ်ဖက်မှာလည်း ပဋိပက္ခတွေ ပိုမိုပေါ်ပေါက်လာနေတာဟာ ပြည်သူ့အကျိုးစီးပွားကို မဖြစ်ထွန်းစေဘူးလို့ PLA က ဆိုပါတယ်။
ညီညွတ်ရေးကို တည်ဆောက်ရာမှာ အင်အားသုံးပြီး မိမိလက်အောက်ကို အတင်းအဓမ္မ သွတ်သွင်းခြင်းထက် ဆန္ဒအရ ပူးပေါင်းကြတာပဲ ဖြစ်သင့်တယ်လို့ PLA ကဆိုပါတယ်။
အခွန်ကိစ္စ၊ တော်လှန်ရေးရန်ပုံငွေ အလှူခံတဲ့ ကိစ္စတွေ အပါအဝင် အဖွဲ့တွေရဲ့ ရပ်တည်ရှင်သန်ရေးကို ပိတ်ပင်နေတာဟာ တော်လှန်ရေးအတွက် အကျိုးမရှိပဲ စစ်အာဏာရှင်ကိုသာ အကျိုးပြုနေတာဖြစ်ပြီး “တူတာတွဲလုပ် မတူတာခွဲလုပ်ခွင့်” ကို အသိမှတ်ပြုရမှာ ဖြစ်တယ်လို့ PLA က သဘောထား ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုကို ဆန့်ကျင်တော်လှန်နေသူတိုင်း၊ အဖွဲ့အစည်းတိုင်းဟာ တော်လှန်ရေးမှာ တရားဝင်တယ်လို့ PLA အနေနဲ့ ခံယူထားပြီး တော်လှန်ရေးဟာလည်း စစ်အုပ်စုကို တော်လှန်နေသူတိုင်း ပိုင်ဆိုင်တဲ့ ကျယ်ပြန့်ကြီးမြတ်တဲ့ တော်လှန်ရေးဖြစ်တာကြောင့် စည်းလုံးညီညွတ်စွာ ပုံသဏ္ဌာန်မျိုးစုံနဲ့ ဆန့်ကျင်တော်လှန်နေသူ မည်သူမဆို တရားဝင်တယ်လို့ PLA က ဆိုပါတယ်။
စည်းလုံးညီညွတ်စွာနဲ့ တိုက်ပွဲဝင်မှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မယ်လို့ လည်း ထုတ်ပြန်ချက်မှာအလေးအနက် ဖော်ပြထားပါတယ်။
ပုံတောင်ပုံညာဒေသနဲ့ ထိစပ်နေတဲ့ ပုလဲမြို့နယ်အတွင်း NUG လက်အောက်ခံ PDF တပ်ရင်းတွေ၊ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA၊ PLA နဲ့ ABSDF စတဲ့ အဖွဲ့စုံ လှုပ်ရှားနေရာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းမှာ အဖွဲ့တွေအကြား ပွတ်တိုက်မှုတွေ ဖြစ်ပွားခဲ့တာ တွေရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်းမှာ ပုလဲမြို့နယ် ရေကျောကျေးရွာအနီးက PLA ဂိတ်တစ်ခုကို NUG အဖွဲ့တွေက လာရောက်တားမြစ်ရာမှာ ပဋိပက္ခတွေ ဖြစ်ပွားကာ PLA တပ်ဖွဲ့ဝင် ခြောက်ဦး ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တာပါ။
၁၀၂၇ စစ်ဆင်ရေးအပြီး ရှမ်းမြောက်ဒေသမှာ အပစ်ရပ်စဲပြီးနောက် စစ်တပ်ဟာ စစ်ကိုင်းနဲ့ မကွေး အပါအဝင် နိုင်ငံအလယ်ပိုင်း တော်လှန်ရေး အားကောင်းရာ ဒေသတွေကို စစ်ရေးအရှိန်မြှင့် တိုက်ခိုက်နေပါတယ်။
ဒီအချိန်မှာ တော်လှန်ရေးအဖွဲ့တွေကြား ဂိတ်စခန်းစီးနင်းမှုနဲ့ ပစ်ခတ်မှုတွေ ပေါ်ပေါက်လာတာဟာ စိုးရိမ်စရာ အခြေအနေလို့ သုံးသပ်တာတွေ ရှိခဲ့ပါတယ်။