မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေး လုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ တိုးတက်လာဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားဖို့လိုကြောင်း မင်းအောင်လှိုင်က သူရဲ့အကြမ်းဖက်စစ်သားတွေကို ပြောဆိုလိုက်ပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ခိုလမ်မြို့တပ်နယ်မှ စစ်တပ်သားအပါအဝင် မိသားစုတွေ့ဆုံပွဲမှာ သူက အဲဒီလိုပြောကြားလိုက်တာဖြစ်ပါတယ်။
အခုချိန်မှာ ပြည်တွင်းကုန်ထုတ်လုပ်မှုတွေ တိုးတက်အောင်ဆောင်ရွက်နိုင်လို့ ကုန်သွယ်မှုလိုငွေ လျော့နည်းလာတဲ့အတွက် စီးပွားရေးတိုးတက်မှု ပိုမိုရရှိဖို့အတွက်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို အားစိုက်ကြိုးပမ်းလုပ်ဆောင်ဖို့လိုတယ်လို့ မင်းအောင်လှိုင်က ဆိုလိုက်တာပါ။
“မိမိတို့နိုင်ငံ၌ ကုန်ထုတ်လုပ်မှုများ တိုးတက်လာပြီး နိုင်ငံ့စီးပွားရေးတိုးတက်လာမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် အတတ်ပညာရှင် လူသားအရင်းအမြစ်များ လိုအပ်မည်ဖြစ်သဖြင့် ပညာရေးကို မဖြစ်မနေအားပေးဆောင်ရွက်သွားကြရမည်” လို့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထမ်မံပြောဆိုခဲ့ပါသေးတယ်။

စိုက်ပျိုးရေးကဏ္ဍမှာ ပန်းတိုင်ရည်မှန်းချက် မပြည့်မီလို့ နှစ်စဉ်အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့် ဆုံးရှုံးရတယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းထားတဲ့ ၅ နှစ်တာကာလအတွင်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ၊ သဘာဝဘေးဒဏ်ဖြစ်ပေါ်မှုတွေ၊ ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားခဲ့မှုတွေကြားမှ အခက်အခဲ၊ အကြပ်အတည်းများစွာကို ကျော်ဖြတ်ပြီး နိုင်ငံတော်ရဲ့ စီးပွားရေးကို တိုးတက်အောင် ဆောင်ရွက်ခဲ့ရတယ်လို့လည်း မင်းအောင်လှိုင်က ခပ်တည်တည်ဆက်ပြောခဲ့ပါတယ်။
ကုလသဂ္ဂအစီရင်ခံစာတွေမှာတော့ စစ်တပ်က အာဏာသိမ်းထားတဲ့ ငါးနှစ်တာကာလအတွင်း မြန်မာပြည်သူတွေဟာ ငွေကြေးဖောင်းပွမှုဒဏ်၊ ကုန်ဈေးနှုန်းငါးဆခန့် ကြီးမြင့်သွားခဲ့မှုဒဏ်၊ ကုန်စည်ပစ္စည်းရှားပါးမှုဒဏ်ကို ရင်ဆိုင်ခံစားနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။