ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်မှာ မိုင်းချို့ယွင်းချက်ကြောင့် ပေါက်ကွဲမှုဖြစ်ပြီး YOMA (GBK) PDF တပ်ဖွဲ့က တပ်စုမှူးရဲဘော် ကြယ်ကြီးနဲ့ ရဲဘော် ရှိုင်းလေးတို့ ကျဆုံးခဲ့ရတယ်လို့ သာယာဝတီခရိုင် တပ်ရင်း(၁) တပ်ခွဲ(၁)က သတင်း ထုတ်ပြန်ထားပါတယ်။
ကြို့ပင်ကောက်မြို့နယ် လမ်းပိုင်းတစ်နေရာမှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ မလာရောက်ခင် ရဲဘော်ကြယ်ကြီး၊ ရဲဘော်ရှိုင်းလေးတို့ အပါအဝင် YOMA (GBK) PDF တပ်ဖွဲ့ဝင် ၄ ယောက်ဟာ ပဒေသာမိုင်းတွေ သွားရောက်တပ်ဆင်တဲ့အချိန် မိုင်းချို့ယွင်းချက်ဖြစ်ပေါ်ပြီး ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့ကာ YOMA (GBK) PDF တပ်ဖွဲ့ဝင်တွေ ထိခိုက်စေခဲ့တာလို့ သာယာဝတီခရိုင် တပ်ရင်း(၁) တပ်ခွဲ(၁) ရဲ့ တပ်ခွဲမှူး ကရင်လေးက ပြောပါတယ်။
” မိုင်းက ဘယ်လို Error တက်လဲဆိုတာတော့ အသေးစိတ် မသိရဘူး။ ဒါပေမယ့် သူတို့ထောင်တာက ပဒေသာမိုင်းဖြစ်တော့ ၄ ယောက်သွားတာ၊ အဲ့မှာမိုင်းပြန်ရှင်းရင်း ဖြစ်တယ်လို့ သိရတယ်။ ၂ ယောက်ကျတယ်။ ၂ ယောက်က ဒဏ်ရာရတယ်။ ” လို့ မောင်းကို ပြောပါတယ်။
ကျဆုံးခဲသူတွေဟာ တပ်ခွဲအတွက် အားအကိုး ရဆုံးသူတွေဖြစ်တာကြောင့် ဆုံးရှုံးမှုကြီးမားခဲ့တယ်လို့ လည်း ကရင်လေးက ပြောဆိုပါတယ်။
” တပ်စုမှူးကြယ်ကြီးက ကျွန်တော်တို့ ဆီဝင်လာတာ ၃ နှစ်ခွဲ၊ ၄နှစ်ထဲတောင် ရှိပါပြီ။ ရဲဘော် ရှိုင်းလေးက ၁ နှစ်ခွဲပါ။ တပ်ဖွဲ့အတွက် အားအကိုးရဆုံး ရဲဘော်တွေဖြစ်တဲ့အတွက် ကြီးမားတဲ့ဆုံးဆုံးရှုံးမှုလို့ ပြောချင်ပါတယ်” လို့ ကရင်လေးက ပြောပါတယ်။
Video – YOMA GBK PDF