ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ရာဘာခြစ်နေတဲ့ အရပ်သားအမျိုးသမီးတစ်ဦးကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ Phoenix – Special Warfare Force ကနေ သတင်း ထုတ်ပြန်ပါတယ်။
မနေ့က ဇန်နဝါရီလ ၂၀ ရက်နေ့၊ ည ၇နာရီဝန်းကျင်လောက်မှာ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြခတ်ချောင်းအုပ်စု၊ ဝါးဘိုးကုန်းကျေးရွာ၊ အေးချမ်းသာယာရပ်ကွက်မထဲ နေထိုင်တဲ့ မခင်ဝိုင်း (အသက် ၄၁ နှစ်) ဟာ ရာဘာခြစ်နေချိန် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သတ်ဖြတ် လိုက်တာလို့ သိရပါတယ်။
“ပစ်ခတ်သံကြားတဲ့အချိန်မှာ ကျွန်တော်တို့ သွားကြည့်တော့ သေဆုံးနေတာကို တွေ့ရတာပါ။ ထိသွားတဲ့ Dead Body ကိုလည်း ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်သွားတယ်။ ပထမအကြိမ် ပြည်သူတွေ သွားသယ်တဲ့ အချိန်မှာ သူတို့ဘက်ကလှမ်းပစ်လို့ ပြန်ဆုတ်လိုက်ရပြီး နောက်တစ်ကြိမ်မှ ပြန်သယ်လို့ ရခဲ့တာပါ” လို့ Phoenix – Special Warfare Force တာဝန်ရှိသူတဦးက မောင်းကို ပြောပြပါတတယ်။


အဲ့ဒီ ပစ်ခတ်မှုကို ခလရ–၂၈၄ တပ်ရင်းက စစ်သားတွေလုပ်ဆောင်ခဲ့တာဖြစ်ပြီး အပြစ်မဲ့ပြည်သူတစ်ဦးကို အခုလို အကြောင်းမဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်တာဟာ စစ်အာဏာရှင်တပ်ရဲ့ ရက်စက်ယုတ်မာမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို ပြသနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဝေဖန်ထားပါတယ်။
“သူတို့ (စစ်တပ်) မှာ ကျွန်တော်တို့ တက်လာမယ်ဆိုပြီး စိုးရိမ်စိတ်ရှိတယ်။ အဲ့တာကြောင့် လူတွေ့တဲ့အခါ ရည်ရွယ်ချက်ရှိရှိ ခြမ်းခြောက် ပစ်ခတ်သွားတယ်လို့တော့ မြင်ပါတယ်။ တိုက်ပွဲတွေလည်း လောလောဆယ်တော့ မရှိပါဘူး။ ရွေးကောက်ပွဲ effect ကြောင့် စစ်တပ်ဘက်က ပြင်ဆင်မှုတွေတော့ လုပ်နေပါတယ်” လို့ တာဝန်ရှိသူက အခြေအနေကို ရှင်းပြပါတယ်။
Phoenix – Special Warfare Force အနေနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ဖိနှိပ်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အဆုံးထိ ဆက်လက်တော်လှန်သွားမှာ ဖြစ်ပြီး ပြည်သူတွေ အနေနဲ့လည်း စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
