မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထု တိုက်နယ်အတွင်း စစ်ရှောင်စခန်း နေရာတွေကို စစ်အုပ်စုက ဒီနေ့ ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းမှာ လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆၀ ကျော်အရွယ် အမျိုးသားတယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာ ရထားတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။
ဒီနေ့ ညနေ ၄ နာရီ ၈ မိနစ်အချိန်က စလို့ မကွေးလေဆိပ်တက် ဂျက်ဖိုက်တာ တစီးဟာ ကျောက်ထုတိုက်နယ်အတွင်းက စစ်ရှောင်စခန်း နေရာ၂ ခုကို ၃ ကြိမ်ဆက်တိုက် ဗုံးသီး ၃ လုံးနဲ့ ကြဲချတိုက်ခိုက် သွားခဲ့တာလို့သိရပါတယ်။
ယောအလင်းတန်း အဖွဲ့ဝင် ကိုရောင်နီကတော့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာ(၂)ရွာဟာ စစ်ဘေးရှောင်တွေ နေထိုင်နေတာဖြစ်ပြီး တိုက်ပွဲ ပစ်မှတ် အခြေအနေ တစုံတရာရှိမနေဘူးလို့ ပြောပါတယ်။

“ဗုံးက ၂၅၀ တွေ ဖြစ်မယ်ထင်တယ်။ သုံး ကြိမ်ကို ၃ လုံးချသွားတာပါ။ အခုလက်ရှိကတော့ ဒီလောက်ပဲသိရသေးတယ်။ နေအိမ်အထိအခိုက် ကတော့သေချာ မသိရသေးဘူး။ ထိတာက သက်ကြီးပိုင်း ကျားတွေချည်းပဲ” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီ က မောင်းကိုပြောပါတယ်။
ဗုံးသီးတွေ ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ရှောင်သက်ကြီးပိုင်း အမျိုးသား ၄ ယောက်ထိခိုက်ခဲ့ပြီး တယောက်ဟာ ဒဏ်ရာပြင်းထန်တာကြောင့် မကြာခင်မှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။
“လေကြောင်းကသတိထားသင့်တယ်။ ဘာလို့ဆို ကျောက်ထု အမြှောက်တပ်(၃၆၈)ကနေ ဒီနေ့တရက်လုံး တ်ိုက်နယ်ထဲကို UAVဒရုန်းတွေနဲ့ ကင်းထောက်ပျတာတွေရှိတယ် ” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီ က မောင်းကို ပြောခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ လက်ရှိရက်ပိုင်းအတွင်း ဂန့်ဂေါခရိုင်အတွင်းက မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်တာမျိုး လုပ်ဆောင်ထားတာ မရှိသေးပဲ အခုမှ ပြန်လည်လုပ်ဆောင်လာတာလို့ သိရပါတယ်။
ဒါ့အပြင် ကျောက်ထုတပ်အတွင်းကနေ ဂန့်ဂေါခရိုင်အတွင်းက်ု စစ်ကြောင်းထိုးတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

