ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ “အောင်မြေသစ်” ကိုယ်ပိုင် အထက်တန်းကျောင်းမှာ အဆောင်နေ ကျောင်းသူတစ်ယောက် အဓမ္မပြုကျင့်ခံရပြီး အဓမ္မပြုကျင့်သူဟာ ကျောင်းအုပ်ဆရာကြီးရဲ့ သားဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်၊ နေ့လယ် ၁ နာရီလောက်မှာ Grade-12 ကျောင်းသူတစ်ယောက် နေမကောင်းတာကြောင့် အဆောင်ပြန်ပြီး အနားယူနေတဲ့အချိန်ကျောင်းအုပ်ကြီးရဲ့ သားဖြစ်သူ ဇာနည်သွေးက ကျောင်းသူကို ခြိမ်းခြောက်ရိုက်နှက်ပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကျောင်းအုပ်ဖြစ်သူက နစ်နာသူကျောင်းသူကို ရုံးခန်းကိုခေါ်ယူကာ နှုတ်ပိတ်ပေးဖို့ ညှိနှိုင်းခဲ့ပေမယ့် နစ်နာသူကျောင်းသူက မိဘတွေကို ဆက်သွယ်ခဲ့ပြီး ကျူးလွန်သူကို အမှုဖွင့် ခဲ့တာလို့ သိရပါတယ်။
အဓမ္မမှု ကျူးလွန်သူ ဇာနည်သွေးကိုတော့ ဇန်နဝါရီလ ၁၈ ရက် နေ့လယ်ပိုင်းမှာ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ တောင်ကြီးဟိုတယ်အနီးမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး သူ့ကို တောင်ကြီးမြို့မရဲစခန်းမှာ ထိန်းသိမ်းထားကာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိန်းမှု) ဖြင့် အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ နစ်နာသူ ကျောင်းသူမှာ မျက်နှာ ညိုမဲဒဏ်ရာတွေအပြင် ကိုယ်တွင်းအင်္ဂါ ထိခိုက်မှုတွေ ရှိခဲတာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ ကနဦးသိရပါတယ်။
ယခုဖြစ်စဉ်ကြောင့် ကျောင်းသား မိဘတွေအကြား စိုးရိမ်မှု မြင့်တက်နေပြီး မြို့ပေါ်နေထိုင်တဲ့ မိဘအများစုကတော့ ကလေးတွေကို အဆောင်ကနေ အမြန်ဆုံး ပြန်လည်ခေါ်ယူနေကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် ကျောင်းအဆောင်မှာ နယ်ဝေးကျောင်းသား အနည်းငယ်သာ ကျန်ရှိတော့ပေမယ့် ကျောင်းက ဆက်လက်ဖွင့်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။