မကွေးတိုင်း စလင်းမြို့နယ်အတွင်းရှိ ပန်းတိမ်ကုန်း၊ကညှပ်၊ နောင်တော်ကြီး၊ နောင်တော်လေး၊ ဥယျာဥ်စု၊ ပန်းတောကျေးရွာနှင့် ကျောက်ခဲကုန်းကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ကာ လက်နက်ကြီး၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ပြည်သူ့ ညီနောင် – စလင်းက ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၁၇ ရက်က ပန်းတိမ်ကုန်းကျေးရွာအတွင်း အကြမ်းဖက်စစ်တပ် အင်အား ၈၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၅ လုံးလောက် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပန်းတိမ်ကုန်းကျေးရွာကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကညှပ်ကျေးရွာနဲ့ နောင်တော်လေးကျေးရွာဘက်ကို ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချကာ တိုက်ခိုက် ခဲ့တယ်လို့လည်း သိရပါတယ်။
တစ်ဆက်တည်းမှာပဲ ကျောက်ခဲကုန်းကျေးရွာဘုန်းကြီးကျောင်းကိုလည်း ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တဲ့ အတွက် စစ်ဘေးရှောင်ပြည်သူနဲ့ ရွာခံပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၈ ရက်ကလည်း စလင်းမြို့ ထွေအုပ်ရုံးက ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေဟာ ပန်း တိမ်ကုန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ရွာထဲက ပြည်သူ ၉ ယောက်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ပန်းတိမ်ကုန်းကျေးရွာ ကိုလည်း ထပ်မံမီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ပန်းတိမ်ကုန်းကျေးရွာကနေ ကညှပ်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို ထပ်မံမီးရှို့ဖျက်ဆီးကာ နောင်တော်လေးနဲ့ နောင်တော်ကြီး၊ ဥယျာဥ်စုကျေးရွာဘက်ကို စီးနင်းဝင်ရောက်ပြီး နေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၉ ရက် နေ့လယ်ပိုင်းက စလင်းမြို့အနီးရှိ ဝမ်းပြည့်ကျေးရွာကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် ခဲ့တဲ့အတွက် ရွာခံမိသားစုဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ယောက် စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။
စလင်းမြို့နယ်အတွင်း ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်ရဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူ ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ဘေးရှောင်ဦးရေ ၅၀၀၀ ကျော်ရှိတယ်လို့ ပြည်သူ့ ညီနောင် – စလင်းက ထုတ်ပြန်ထားပါတယ်။
Video-ပြည်သူ့ ညီနောင် – စလင်း