ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ စစ်တောင်းမြစ်တံတားပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်သား ၃ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ သေဆုံးစစ်သားအလောင်းတွေကို ချက်ချင်း သယ်ထုတ်သွားကြတယ်လို့ ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
မနေ့ ဇန်နဝါရီလ ၁၇ရက် မနက်ပိုင်းမှာ ဖြူးမြို့နယ် မုန်း-အုတ်ဖြတ် လမ်းပိုင်း၊ စစ်တောင်းမြစ်တံတားပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲနဲ့ KNLA တပ်ရင်း(၈) တို့ သွားရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“အဲ့ဂိတ်က တပ်စွဲနေတာတော့ကြာပါပြီ။ အင်အားတော့ မသိရဘူး။ ကျွန်တော်တို့စနိုက်ပါနဲ့ ပစ်တော့ ၃ ယောက်ထိတယ်။ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ သေတဲ့သူတွေကို ချက်ချင်းဆွဲထုတ်ပြီး ဖြူးဘက်ကိုသယ်သွားကြတယ်” လို့ ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့ အဲ့ဒီ မုန်း – အုတ်ဖြတ်လမ်းပိုင်း၊ စစ်တောင်းမြစ် တံတားဂိတ်ကို အကြမ်းဖက်စစ်တပ်က အချိန်အတော်ကြာ ပိတ်ဆို့ထားတာလည်း ဖြစ်ပါတယ်။
“ဒီဂိတ်က အရပ်သားတွေဖြတ်မရဘူး။ သူတို့နဲ့ပတ်သက်သူတွေပဲ ဖြတ်လို့ရတာ၊ အဲ့တော့ အခြားလမ်းသုံးကြရပါတယ်။ နောက်ပြီး အဲ့ဂိတ်က ဖြူးနဲ့ဆို ကီလို ၂၀ လောက်ဝေးပါတယ်” လို့ ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲတာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ရက်နေ့ မနက်ပိုင်းကစပြီး ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးမီးရထားလမ်းဟောင်းပေါ်က စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး စစ်အုပ်စုဘက်မှ ထိခိုက်မှုတွေရှိနေသလို လက်ရှိအချိန်အထိ နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့လည်း သိရပါတယ်။
