ကရင်နီပြည်နယ်အတွင်းက အကျဉ်းထောင်တစ်ခုမှာ အကျဉ်းသား ၈၀ နီးပါးလောက်ဟာ ထောင်ဖောက်ပြီး လက်နက်တွေနဲ့အတူ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
ဒီလို အကျဉ်းသားတွေ ထောင်ဖောက်ထွက်ပြေးသွားခဲ့မှုနဲ့ ပတ်သက်လို့ ကရင်နီပြည် ကြားဖြတ်အုပ်ချုပ်ရေး ကောင်စီ (IEC) အနေနဲ့ အခြေအနေတွေကို ပြန်လည်ထိန်းချုပ်နိုင်အောင် ဆောင်ရွက် နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့၊ မနက် ၁ နာရီလောက်မှာ အကျဉ်းသား ၈၀ ဝန်းကျင်လောက် ထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်ပြီး လက်နက်ငယ် ၉ လက်ကိုလည်း ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
လူမှုကွန်ရက်ပေါ်မှာ သတင်းတွေ ပျံ့နှံ့နေသလို အကျဉ်းသားတွေဟာ ထောင်ဝန်ထမ်းတွေကို သတ်ဖြတ်၊ ဖမ်းဆီးသွားတာတွေ လုပ်ဆောင်ခဲ့တယ် ဆိုတာဟာ သတင်းအမှားတွေသာ ဖြစ်ပြီး EC အနေနဲ့ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ အခြေအနေတွေကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“ပြည်ထဲရေးဌာနက ထုတ်ပြန်ထားတဲ့အတိုင်းပဲ ဆောင်ရွက်နေပါတယ်။ အဓိကကတော့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကျဉ်းသားတွေအားလုံးကို ပြန်ထိန်းသိမ်းနိုင်ဖို့၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အရပ်သားပြည်သူတွေကို အန္တရာယ်ပြုမှုတွေ မလုပ်နိုင်အောင် ကာကွယ်ပေးဖို့ လုပ်ဆောင် နေပါတယ်” လို့ IEC အထွေထွေ အတွင်းရေးမှူး ခူးပလူးရယ်က မောင်းကို ပြောပါတယ်။
ဒါကြောင့် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကြောင့် ပြည်သူတွေ မစိုးရိမ်မထိန့်လန့်ကြဖို့နဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေ၊ ကရင်နီပြည်ရဲဌာနခွဲနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှ အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်ပေးသွားမယ်လို့လည်း အသိပေးလာတာဖြစ်ပါတယ်။
လုံခြုံရေးဆိုင်ရာ အစီအမံတွေကိုလည်း စနစ်တကျ ချမှတ်ဆောင်ရွက်နေပြီဖြစ်တယ်လို့ ကရင်နီပြည် IEC ပြည်ထဲရေးဌာနမှ ထုတ်ပြန် ကြေညာထားပါတယ်။