မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ် ရေနံသာရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်ခြေလျင်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်လို့ စစ်အုပ်စုဝင် ၇ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းတာဝန်ရှိသူ ကိုမြတ်က မောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ရက်နေ့ ညနေပိုင်းက ကံမမြို့နယ်၊ မင်းရွာနားကို ရောက်ရှိလာတဲ့အင်အား ၁၀၀ ပါ စစ်ကြောင်းရဲ့ရှေ့ပွိုင့်ကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၀မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကြောင်းဟာ အဲ့ဒီနေ့မနက်ပိုင်းမှာ ရေနံသာနယ်မြေရဲစခန်းထဲကနေ ကား၃စီးနဲ့ စတင်ထွက်ခွာလာခဲ့တာဖြစ်ပြီး ကံမမြို့နယ်၊ ပုညိုရွာအရောက်မှာ ကားတွေထားကာ ခြေလျင်ဆက်လက်စစ်ကြောင်း ထိုးလာတာလို့လည်း သရက်ခရိုင်တပ်ရင်း(၄) သတင်းတာဝန်ရှိသူက ပြောပါတယ်။
စစ်ကြောင်းဟာ လမ်းပိုင်းတစ်လျှောက် သေနတ်တွေနဲ့ ရမ်းကားပစ်ခတ်ခဲ့သလို တော်လှန်ရေးတပ်တွေကြောင့် အထိနာသွားပြီးတဲ့နောက်မှာတော့ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို ရေနံသာရဲကင်းစခန်းထဲကို ပြန်လည်သယ်ဆောင်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
အဲ့ဒီလိုမဆုတ်ခွာခင် တောမကုန်းနဲ့ ကျောက်စောင်းကျေးရွာတွေထဲကို ဝင်ရောက်မွှေနှောက်ခဲ့ပြီး အရပ်သားပိုင် တန်ဖိုးကြီးပစ္စည်းတွေကို ခြိမ်းခြောက်လုယူသွားသေးကြောင်း ကိုမြတ်က ပြောပါတယ်။
ပုံစာ- သရက်ခရိုင်အမှတ်(၄) တပ်ရင်းတပ်ဖွဲ့ဝင်များ
အဆိုပါအကြမ်းဖက်စစ်ကြောင်း ရေနံသာရဲကင်းစခန်းထဲပြန်လည်ရောက်ရှိသွားခဲ့ပြီး ညပိုင်းအချိန်လောက်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ၄၀ မမလက်နက်ကြီး (၃)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မူတွေရှိနိုင်ကြောင်း သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအစပိုင်းကစလို့ သရက်ခရိုင်အတွင်းက မင်းတုန်း၊ ကံမနဲ့ သရက်မြို့နယ်တွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းတွေခွဲပြီး ဝင်ရောက်နေတာဖြစ်ပြီး၊ ရွေးကောက်ပွဲအတုအတွက် သူတို့အာဏာသက်ရောက်ရာမြို့ပေါ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်မတိုက်ခိုက်ဖို့နဲ့ နယ်မြေစိုးမိုးနိုင်ဖို့ စစ်ကြောင်းထိုးနေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
“ပြီးခဲ့တဲ့ ၅ရက်နေ့လောက်ကတည်းက သရက်၊ အောင်လံဘက်ကနေ အင်အား ၂၀၀ ကျော် ၃၀၀လောက်ပို့ပြီး စစ်ကြောင်းထိုးနေတာ။ ရွေးကောက်ပွဲအတုအတွက်ရောပေါ့။ အဲ့မှာ မဲပုံးတွေပြန်ပို့တော့ ကျနော်တို့နဲ့ သဖန်းကိုင်းရွာနားမှာ ထိတွေ့မှုတွေဖြစ်ခဲ့သေးတယ်။ ဒါလည်းသတင်းထုတ်ထားပါတယ်။ အဲ့ဒီကနေမှ စစ်ကြောင်းတွေခွဲခွဲပြီး ဆက်ထိုးနေတာပါ” လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းတာဝန်ရှိသူ ကိုမြတ်က မောင်းကို ဆက်ပြောပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ ၁၅ရက်နေ့ကလည်း သရက်မြို့နယ်၊ ဆင်ကော်ရဲစခန်းမှ ထွက်ခွာလာတဲ့ အင်အား ၂၀၀ ပါ အကြမ်းဖက်စစ်ကြောင်းတစ်ကြောင်းဟာ မင်းတုန်းမြို့နယ်အတွင်းက ချင်းနစ်၊ ကံတွင်း၊ လယ်ပြားနဲ့ လက်ပွကျေးရွာတွေကို အင်အားသုံးဝင်ရောက်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မင်းတုန်းမြို့နယ် သဖန်းကိုင်းကျေးရွာက နေအိမ် (၈)လုံး နဲ့ ပုဇင်းဒါးကျေးရွာက နေအိမ် (၃၈)လုံးဟာ မီးလောင်ပြာကျခဲ့ပါတယ်။
ဒါ့အပြင် သရက်မြို့နယ်အတွင်းက အောက်မမြင့်၊ အောက်မနိမ့်၊ ဆင်ကော်၊ မြို့လှ၊ ဆတ်လည်၊ ပုဏ္ဍားနဲ့ ပျဥ်းအိုင်ကျေးရွာတွေကိုလည်း အကြမ်းဖက်စစ်ကြောင်းဝင်ရောက်ခဲ့ပြီး ဆန်စပါးနဲ့ တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူသယ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။