ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အကြောင်း အမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား လူငယ်တွေ ကိုရီးယားနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းရရှိစေဖို့ ဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဒီကနေ့ ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန် ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်မှာ NUG လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားမှုဝန်ကြီးဌာန၊ ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံး၊ MFDMC နဲ့ The Korea National Assembly အဖွဲ့ တွေ ဒုတိယအကြိမ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
မဲဆောက်ရှိ မြန်မာရွှေ့ပြောင်း နေထိုင်သူတွေ ကိုရီးယားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်နိုင် ရေးအတွက် ထိုင်းနဲ့ ကိုရီးယားနိုင်ငံတို့ရဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ ရှိတယ်လို့လည်း သိရပါတယ်။

ကိုရီးယားနိုင်ငံရဲ့ တရားဝင်ဖွံ့ဖြိုးမှု အကူအညီ အစီအစဉ်တွေမှာ လိုအပ်ချက်ရှိတဲ့ နေရာ တွေအတွက် အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍက ပူးပေါင်း ဖြည့်ဆည်း ပေးရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ NUG အစိုးရဆီက သိရပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရဲ့ စီမံအုပ်ချုပ်မှုပုံစံအတိုင်း ရွှေ့ပြောင်း နေထိုင်သူတွေ တည်ငြိမ်စွာ နေထိုင်နိုင်ဖို့ အလုပ်အကိုင်အ ခွင့်အလမ်းတွေဖန်တီး ပေးနိုင်ဖို့ ဆွေးနွေးချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပထမအကြိမ် ဆွေးနွေးပွဲ ပြုလုပ်ပြီး နေထိုင်ဖို့၊ အလုပ်လုပ်ကိုင်ခွင့်ရဖို့၊ အထောက်အထားရဖို့ အတွက်တွန်းအားပေး လုပ်ဆောင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
