စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ရှမ်းမြောင်းရွာ ဘုန်းကြီး ကျောင်းကို အကြမ်းဖက် စစ်အုပ်စုက ဒရုန်းဗုံးသီးနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့ အတွက် ရဟန်း ၂ ပါး ထိမှန်သွားပြီး ကျောင်းတိုက် တချို့ ပျက်စီး သွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၅ ရက် ညနေ ၂ နာရီကျော်လောက်မှာ မုံရွာ နမခ ကနေတက်လာတဲ့ ဂျိုင်ရိုကော်ပတာ နှစ်စီးဟာ ရှမ်းမြောင်းရွာ အောင်စကြာ စေတီကုန်းပေါ်က ဂန္ဓကုဋီတိုက်ဓမ္မာရုံနဲ့ အောင်မင်္ဂလာ ဘုန်းတော်ကြီး ကျောင်းကို ဒရုန်းဗုံးသီးနဲ့ လာရောက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ထိတွေ့မှုမရှိပါဘူး။ အကြောင်းမဲ့ လာပစ်သွား တာပါ။ ဒဏ်ရာရတဲ့ ရဟန်း ၂ ပါးက မစိုးရိမ်ရပါဘူး။ အောင်စကြာ စေတီကုန်းပေါ် ဂန္ဓကုဋီတိုက်က ဓမ္မာရုံရယ်၊ အောင်မင်္ဂလာ ဘုန်းကြီးကျောင်းရယ် လာကြဲသွားတာ” လို့ ကနီနယ်ခံ တစ်ယောက်က မောင်းကို ပြောပါတယ်။
အခုလို ဒရုန်းဗုံးသီးနဲ့ လာရောက်ကြဲချ ခဲ့တဲ အတွက် ကျောင်း နေရဟန်းတော်တပါး၊ တောရဆောက် တည်နေတဲ့ ရဟန်းတပါး ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး ကျောင်းဆောင်များစွာလည်း ထိမှန်ပျက်ဆီး သွားတယ်လို့ ဆိုပါတယ်။
အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေ လေကြောင်းတိုက်ခိုက် သွားတဲ့ ရှမ်းမြောင်းရွာအနီးမှာ တိုက်ပွဲ ဖြစ်ပွားတာ မရှိသလို အောင်မင်္ဂလာ ဘုန်းကြီးကျောင်း မှာလည်း ကာကွယ်ရေး တပ်ဖွဲ့တွေ စခန်းချ နေထိုင်တာမျိုး မရှိဘဲ ဘုန်းကြီးကျောင်းကို အကြောင်းမဲ့ လေကြောင်းက တိုက်ခိုက်သွားတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့ကလည်း ကနီနယ် ချင်းတွင်းမြစ် အနောက်ဘက်ကမ်း မုဌောရွာ အနီးမှာ ပြည်သူတွေ အသုံးပြုနေတဲ့ မြစ်ရေချိုးဆိပ်ကို အကြမ်းဖက် စစ်တပ်က ဒရုန်းဗုံးသီးနဲ့ လာရောက်တိုက်ခိုက်ခဲ့သေးတယ် လို့ ဒေသခံတွေ ဆီက သိရပါတယ်။
ကနီနယ် ရှမ်းမြောင်းရွာကို စစ်အုပ်စု လေကြောင်း ဗုံးကြဲသွားပြီး တွေ့ရစဥ် (ဓာတ်ပုံ ဒေသခံ) 



