ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး Ma. Theresa Lazaro ရဲ့ နေပြည်တော် ခရီးစဉ်မှာ မြန်မာစစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာကို မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက အရပ်ဘက် အဖွဲ့အစည်း (၉၉) ဖွဲ့က ပြင်းထန်စွာ ရှုတ်ချ လိုက်ပါတယ်။
ဖိလစ်ပိုင် အစိုးရအနေနဲ့ မြန်မာအာဏာသိမ်း စစ်အုပ်စုနဲ့ အခုလို သံတမန်ရေးအရ ထိတွေ့ ဆက်ဆံ တာဟာ အာဆီယံ ဘုံသသောတူညီမှု (၅) ချက်နဲ့လည်း ကိုက်ညီမှုမရှိဘူးလို့လည်း အရပ်ဘက်် အဖွဲ့ အစည်း ၉၉ ဖွဲ့ရဲ့ ပူးတွဲထုတ်ပြန်ချက် မှာ ဖော်ပြထား ပါတယ်။
ဇန်နဝါရီလ ၁၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲ့ဒီကြေညာ ချက်မှာ ဇန်နဝါရီလ ၆ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး Ma. TheresaLazaro ရဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့မှုကို စိတ်ပျက်မိတယ်လို့
ဆိုထားပါတယ်။
ပြည်သူ့လှုပ်ရှားမှု ပလပ်ဖောင်း (Myanmar) က ဦးစီး ထုတ်ပြန်တဲ့ ဒီပူးတွဲ ထုတ်ပြန်ချက်မှာ ဖိလစ်ပိုင်အစိုးရလုပ်ရပ်ဟာ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို ချိုးဖောက်နေပြီး တရားမဝင်စစ်အုပ်စုကို တရားဝင်မှု ပေးအပ်ရာ ရောက်တယ်လို့လည်း ထောက်ပြ ပြောဆိုထားပါတယ်။
အထူးသဖြင့် စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ အစီအစဉ်ကို ဆွေးနွေးခဲ့တာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုရာ ရောက်တယ်လို့လည်း ဆိုထားပါတယ်။

စစ်အုပ်စုကို မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် ဆက်ဆံတာဟာ ရာဇဝတ်ကောင်တွေကို ဆုချသလို ဖြစ်နေပြီး ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိုပါ အန္တရာယ်ဖြစ်စေတယ် လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
စစ်အုပ်စုလုပ်နေတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှုမရှိသလို အားလုံးပါဝင်နိုင်မှုလည်း မရှိတဲ့ အတု အယောင်ရွေးကောက်ပွဲသာ ဖြစ်ပြီး အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက မထောက်ခံသင့်ဘူးလို့ လည်းဆိုထားပါတယ်။
စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံတာဟာ နယ်စပ်ဖြတ်ကျော် ဆိုက်ဘာ ရာဇဝတ်မှုနဲ့ လူကုန်ကူးမှုတွေကို အားပေးရာ ရောက်ပြီး အကြမ်းဖက်မှု ပိုမိုကြီးထွားလာမှုကို အားပေးရာ ရောက်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဖိလစ်ပိုင်နဲ့ အာဆီယံရဲ့ မဟာဗျူဟာနဲ့ လုံခြုံရေး အကျိုးစီးပွားတွေကို အန္တရာယ်ပြုတာ တွေဖြစ်လာစေနိုင်တယ်လို့လည့်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ဖိလစ်ပိုင်အစိုးရ အနေနဲ့ အာဏာသိမ်းစစ်အုပ်စုနဲ့ သံတမန်ရေးရာ ဆက်ဆံမှုတွေကို ချက်ချင်း ရပ်တန့်ရန်၊ အတုအယောင် ရွေးကောက်ပွဲကို လူသိရှင်ကြား ငြင်းပယ်ရန်နဲ့ မြန်မာပြည်သူတွေကိုကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ဒီမိုကရေစီအင်အားစုတွေနဲ့ပဲ တရားဝင် ထိတွေ့ဆက်ဆံရန် အရပ်ဘက်အဖွဲ့အစည်း ၉၉ ဖွဲ့က တိုက်တွန်း တောင်းဆိုထားပါတယ်။