စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်က ကလေးဝ-ရေဦးလမ်းမကြီးနဲ့ ဆက်စပ်ရှောင်ကွင်း လမ်းတွေမှာ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက်မရပဲ လက်နက် ခဲယမ်းသယ်ဆောင် တာတွေ မလုပ်ကြဖို့ အသိပေးထားတယ်လို့ ကလေးခရိုင် စစ်ရေးတာဝန်ရှိသူ တယောက်က မောင်းကို ပြောပါတယ်။
လုံခြုံရေး အခြေအနေတွေ အရ ကလေးဝ-ရေဦးလမ်းမကြီးအပါအဝင် အဲ့ဒီလမ်းမကြီးပေါ်က ယုဇလယ်၊ အောင်ချမ်းသာ-သက္ကယ်ကျင်းစတဲ့ ရှောင်ကွင်း လမ်းတွေမှာ ခရီးသွားလာပါက လက်နက်ခဲယမ်း သယ်ဆောင်သွားလာတာ၊ စစ်ဝတ်တန်ဆာ ဝတ်ဆင်တာနဲ့ လက်နက် ကိုင်ဆောင်သွား လာတာတွေကို သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက် ရယူပြီးမှသာ သွားလာခွင့် ပြုတော့မယ်လို့ သိရပါတယ်။
“ကလေးဝနယ်မှာ ကျနော်တို့ အပြင် အခြားတော်လှန်ရေးတပ်တွေ မရှိပါဘူး။ ပျူတွေပဲရှိတယ်။ ဒီတော့ ရန်သူနဲ့ကိုယ့်လူ ကွဲပြားအောင်ပါ။ ဘာလို့ဆို သူတို့ကလည်း အရပ်ဝတ် လက်နက်ကိုင် ပုံစံမျိုး ဝတ်လေ့ရှိလို့ပါ” လို့ ကလေးခရိုင် စစ်ရေးတာဝန်ရှိသူ တယောက်က မောင်းကို ပြောပါတယ်။
ဒီအသိ ပေးချက်ကို ဇန်နဝါရီလ ၁၆ ရက်နေ့ ကစလို့ လိုက်နာရမှာ ဖြစ်ပြီး ခွင့်ပြုချက်အတွက် ကလေးခရိုင် အမှတ်(၅) (၆) တပ်ရင်းတွေနဲ့ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီ ကြိုတင် ဆက်သွယ် မေးမြန်းရမယ်လို့လည်း ဆိုထား ပါတယ်။

ကလေးဝ-ရေဦးလမ်းပိုင်းပေါ်က အောင်ချမ်းသာ၊ ဆင်အိုင်မ စတဲ့ ပျူစောထီးရွာတွေကို တော်လှန်ရေးတပ်တွေက နှစ်နဲ့ချီ ပိတ်ဆို့တိုက်ခိုက် နေတာဖြစ်ပြီး ကားလမ်း အသုံးပြုသူတွေ အနေနဲ့ လမ်းမကြီး အပါအဝင် ရှောင်ကွင်းလမ်း တွေကိုပါ အသုံးပြုနေ ကြရတာ ဖြစ်ပါတယ်။
“ကလေးဝနယ်ထဲက အောင်ချမ်းသာနဲ့ ဆင်အိုင်မ ပျူစခန်း၂ ခုကို ကျနော်တို့ ဝန်းရံပိတ်ဆို့ ထားတာ ကြာပြီ။ ဒီတော့ သူ့တို့မှာ စားနပ်ရိက္ခာ ပြတ်နေကြတယ်။ ဒါကြောင့် တခါတလေ အများပြည်သူ သွားလာနေတဲ့ လမ်းမကြီးပေါ် စိမ့်ထွက်လာတာ မျိုးတွေရှိတယ်။ ဒါကြောင့် သူ့လူကိုယ်လူ မမှားအောင်ပါ” လို့ တာဝန်ရှိသူကဆက် ပြောပါတယ်။
ကလေးဝ နယ်အတွင်း အောင်ချမ်းသာနဲ့ ဆင်အိုင်မ ပျူစောထီး ရွာတွေ အနီးတစ်ဝိုက်မှာသာ စစ်အုပ်စုအနေနဲ့ စိုးမိုးနိုင် တော့တာ ဖြစ်ပြီး အဲ့ဒီ စခန်းတွေကို ရှောင်ကွင်းသွားလာဖို့ လမ်းတွေလည်း ရှိနေတယ်လို့ သိရပါတယ်။