ဟားခါးမြို့နယ်အတွင်းက ပြည်သူ့ဘဏ္ဍာငွေ ခြစားနေတဲ့ စစ်ကောင်မရှင် လက်ဝေခံတွနဲ့ ကုမ္ပဏီတွေကို အရေးယူမှုတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့ CDF-Hakha က ကြေညာထား ပါတယ်။
စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးယန္တရားကို ဟန့်တားနိုင်ဖို့နဲ့ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ဖို့ အတွက် “တော်လှန်ရေးပြစ်မှုကြီး (၄) မျိုး” ဥပဒေနဲ့ အရေးယူမှာလို့ ဆိုပါတယ်။
CDF-Hakha Central Council အနေနဲ့ ၂၀၂၁ ခုနှစ်မှစပြီး စစ်အုပ်စုရဲ့ စစ်ကျွန်ပြုအုပ်ချုပ်ရေးနဲ့ လူမှုရေးလုပ်ငန်းဟန်ပြ ဆောင်ရွက်ချက်တွေကို တားဆီးလာခဲ့ပေမယ့် လက်ရှိမှာ စစ်ကော်မရှင် အရာရှိကြီးတွေနဲ့ ကုမ္ပဏီအချို့ရဲ့ စနစ်တကျ ခြစားမှုဟာ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေတယ်လို့ ဆိုထားပါတယ်။
ထုတ်ပြန်ချက်မှာတော့ စစ်ကော်မရှင်ရဲ့ ဒုတိုင်းမှူး၊ ဗျူဟာမှူးနဲ့ ဝန်ကြီးချုပ် အပါအဝင် အဆင့်ဆင့်သော ဝန်ထမ်းတွေဟာ သူတို့ရဲ့ ကိုယ်ရေးအရာရှိ (PSO) တွေ၊ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ပူးပေါင်းကာ အကျင့်ပျက်ခြစားမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု မရှိဘဲ စာရွက်စာတမ်းနဲ့ ဓာတ်ပုံအတုတွေကို အသုံးပြုပြီး ဘဏ်ဝန်ထမ်းတွေနဲ့ ပူးပေါင်းကာ ပြည်သူ့ဘဏ္ဍာငွေတွေကို ထုတ်ယူနေတာလို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ (၅) နှစ်အတွင်းသူတို့ ခိုးယူခဲ့တဲ့ ပမာဏဟာ ကျပ်သန်းပေါင်း ၈၃,၆၈၈ ကျော်အထိ ရှိနေပြီလို့ CDF-Hakha က ထုတ်ဖော်လာတာ ဖြစ်ပါတယ်။
အခုလို ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားလုပ်နေတဲ့ အသင်းအဖွဲ့နဲ့ ပုဂ္ဂိုလ်တွေကို အမည်စာရင်းနဲ့တကွ ထုတ်ပြန်လာတာဖြစ်ပြီး အမည်ပျင်စာရင်းသွင်းကာ ယနေ့မှစပြီး အထူးပစ်မှတ်ထား တိုက်ခိုက်သွားမယ် လို့ ဆိုထားပါတယ်။
အမည်စာရင်းပါ ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ ယခုကြေညာချက် ထုတ်ပြန်တဲ့ နေ့ကစပြီး ၁၅ ရက်အတွင်း လာရောက် မဖြေရှင်းရင် ပိုင်ဆိုင်မှု အားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းယူမယ်လို့ ဆိုပါတယ်။
ဟားခါးမြို့နယ်အတွင်း စီးပွားရှာဖွေခွင့်အပါအဝင် နေထိုင်သွားလာခွင့်တွေကိုလည်း အပြီးတိုင် ပိတ်ပင်သွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် ယခုထုတ်ပြန်နဲ့ အမည်စာရင်းမှာ မပါဝင်သေးပေမယ့် အမှန်တကယ် လုပ်ငန်းဆောင်ရွက်ခြင်း မရှိဘဲ အဂတိလိုက်စားနေတဲ့ အခြားအသင်းအဖွဲ့တွေနဲ့ လုပ်ငန်းရှင်တွေကိုလည်း ဆက်လက်စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။
သူတို့ကို စစ်ဆေးတွေ့ရှိရင် ပြည်သူလူထုဆီ ချပြသွားမှာဖြစ်ပြီး တော်လှန်ရေးဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ CDF-Hakha ကအသိပေး ထုတ်ပြန်လာတာ ဖြစ်ပါတယ်။