စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို စောင့်ကြိုတိုက်ခိုက်ရာက နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၅ ယောက် သေဆုံးသွားတယ်လို့ ကျောင်းသားတော်လှန်ရေးတပ်တော် ( S.R.F ) ပြောရေးဆိုခွင့်ရှိသူ သူသူခိုင်က မောင်းကို ပြောပါတယ်။
ဇန်နဝါရီလ ၁၄ရက်၊ မနက်ပိုင်းက မင်းကင်းမြို့နယ်၊ ကံရွာနဲ့ တောင်ယာတောရွာ အထိုင်စခန်းတွေကနေ ထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
စစ်ကြောင်းဟာ အင်အား၅၀ နီးပါးနဲ့ ကံရွာကနေ ပျဥ်းပင်မှော်ရွာဘက် ထွက်ခွာလာတာဖြစ်ပြီး နှစ်ရွာကြား ဒိုးနွယ်ရွာ အရောက်မှာ ထိတွေ့မှု ဖြစ်ခဲ့တာလို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အဲ့ဒီနောက် နှစ်ဖက် အပြန်အလှန်တိုက်ပွဲ အချိန် (၁)နာရီကြာခဲ့ပြီး ကျောင်းသားတော်လှန်ရေးတပ်တော်(S.R.F) ရဲ့မိုင်းတွေကြောင့် စစ်ကြောင်းထဲက အကြမ်းဖက်စစ်သား ၅ ယောက် ထိခိုက်ဒဏ်ရာအပြင်း အထန်ရသွားခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့အညာမှာ မိုင်းကိုပဲ အဓိကထားသုံး ရတာဆိုတော့ အဲ့ဒါနဲ့အဓိကထား တိုက်ခိုက်ခဲ့ တာပါ။ ထိတဲ့ကောင်တွေသေဖို့ များပါတယ်။ သူတို့ အထိုင်စခန်းကနေ ထွက်လာပြီး ကျွန်တော်တို့နဲ့ ၂ နေရာလောက် ထိတွေ့မှုဖြစ်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ပြန်ဆုတ်သွားပါတယ်” လို့ ကျောင်းသားတော်လှန်ရေးတပ်တော် ( S.R.F ) ပြောရေးဆိုခွင့်ရှိသူ သူသူခိုင်က မောင်းကို ပြောပါတယ်။
လက်ရှိ ၂၀၂၆ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်က မင်းကင်းမြို့နယ် အတွင်းမှာ စစ်အင်အားတွေ ပိုမိုဖြည့်တင်းလာသလို လက်နက်ခဲယမ်းတွေလည်း အထိုင်တပ်တွေဆီ တိုးမြှင့်တပ်ဆင် ပေးလာတဲ့အပြင် အတုအယောင်ရွေးကောက်ပွဲ ကာလအလွန် စစ်ကြောင်းထိုး လာနိုင်ချေတွေရှိနေတယ် လို့လည်း သိရပါတယ်။
” ဒီ၂၀၂၆ထဲမှာပဲ မင်းကင်းမြို့ပေါ်မှာ လေယာဥ်ဆင်းတာတွေ လူအင်အားတိုးမြှင့်တာတွေ လုပ်လာတာတွေရတယ်။ လက်နက်ကောင်းတွေ ချပေးတာတွေ လူအင်အား ၅၀ အထက်ချ ပေးလာတွေ ရှိပါတယ်။ နောက်ပိုင်း ရန်သူဖက်က ဘေးပတ်လည်ကို မထင်ရင်မထင်သလို့ ရမ်းသမ်းပစ်ခတ် တာမျိုးတွေလုပ်လာတယ်၊ အခုတိုက်ပွဲဖြစ်တဲ့ အခြေနေဆို သူတို့ဘက်က စပြီးလုပ်ရှားလာတာ မျိုးပေါ့။ ဒါ့ကြောင့် ပြည်သူတွေ သတိထားနေထိုင်ကြဖို့ လိုပါတယ်” လို့ S.R.F ပြောရေးဆိုခွင့်ရှိသူ သူသူခိုင်က မောင်းကို ပြောပါတယ်။
ကျောင်းသားတော်လှန်ရေးတပ်တော် ( S.R.F ) ကတော့ ပြည်သူလူထု အကျိုးကိုရှေးရှုပြီး အဖိနှိပ်ခံ ပြည်သူတွေနဲ့အတူ အာဏာရှင်မှန်သမျှကို ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း ပြောဆို ထားပါတယ်။