မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်ရှိ ရွေးကောက်ပွဲမဲရုံတွေကိုလိုက်လံ စစ်ဆေးတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး နဲ့ တပည့်ဖြစ်သူ တိုက်ခိုက်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇန်နဝါရီ ၁၁ ရက် နေ့လည် ၁၂ နာရီကျော်လောက်မှာ အထွေထွေအုပ်ချုပ်ရေးမှူး ဇော်မင်းနိုင်ကား အပါ Double -Cub ကား (၂)စီးဟာ စစ်ကော်မရှင်ရဲ့ အတုယောင်ရွေးကောက်ပွဲ ရဲ့ မဲရုံတွေကိုလိုက်လံ စစ်ဆေး နေခဲ့တယ်လို့ သိရပါတယ်။
အဲဒီကားနှစ်စီးထဲကတစ်စီးဟာ ဂျန်ဘာတပ်ဆင်ထားတယ်လို့လည်း သိရပါတယ်။
ကားနှစ်စီးဟာ ပြည်-ကံမ ကားလမ်းပေါ် ပြောင်ကျကျေးရွာနဲ့ ပယ်ကျကျေးရွာကြား တစ်နေရာအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင် နဲ့ တပည့်ဖြစ်သူ သန့်ဇင်အောင်၊ လုံခြုံရေးတပ်ဖွဲ့ဝင်(၂)ယောက် ကျည်ထိဒဏ်ရာရခဲ့လို့ ရွှေတောင် ကုတင်(၁၀၀) စစ်ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် နေ့လည် ၁ နာရီခွဲလောက်မှာ ဆေးကုမှုခံယူနေတဲ့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်နဲ့ သန့်ဇင်အောင်တို့ သေဆုံးခဲ့တာကို အတည်ပြုနိုင်ပြီး ကျန်ရှိတဲ့ သူတွေရဲ့ အခြေအနေကို ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှု ဖြစ်စဥ်အတွင်း ကံမမြို့နယ် ပကဖ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။