စစ်ကိုင်းတိုင်း၊ မြိုင်မြို့ဘက်ကို ရိက္ခာကားတန်းနဲ့အတူလိုက်ပါလာတဲ့ ခလရ ၂၅၁ မှာတာဝန်ထမ်းဆောင်နေသူစစ်မှုထမ်းတပ်သား တစ်ယောက်ဟာ ခဲယမ်းတွေယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း-၃၀၁၁ ဆီက သိရပါတယ်။
စစ်မှုထမ်းတပ်သား ကိုညီညီဖြိုးဟာပြီးခဲ့သည့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ၁၆ရက်နေ့မှာ မြိုင်မြို့ ထွေအုပ်ရုံးမှာ ကင်းတာဝန်ယူနေစဉ် 5.56 ကျည် ၁၃၀ တောင့် ၊ဗုံးသီး တစ်လုံး၊ နင်းမိုင်းတစ်ခု၊ MA1 ဘောက် ၃ ဘောက်တို့ကိုယူဆောင်ခဲ့ပြီး ကားသစ်နက်တပ်မတော် မြိုင်တပ်ခွဲကနေတစ်ဆင့် အလင်းဝင်ခဲ့တာ လို့ဆိုပါတယ်။
ကိုညီညီဖြိုးကို ကာကွယ်ရေးတပ်ဖွဲ့တွေက တစ်နှစ်နီးပါးစောင့်ရှောက်ထားပြီး စခန်းတွင်းနေထိုင်စဉ်မှာလည်း မိသားစုဝင်တွေနဲ့ ဆက်သွယ်ပေးတာမျိုးတွေ ကိုလည်း လုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့က မြိုင်နားမှာ တပ်ခွဲတစ်ခွဲနဲ့ စောင့်နေတဲ့အချိန် အဲမှာတာဝန်ကျတဲ့ တပ်ခွဲမှူးဆီကို ချိတ်ဆက်ဝင်ရောက် လာခဲ့တာပါ။ တစ်နှစ်နီးပါးကြာ စောင့်ရှောက်ထားပြီး အနီးကပ်စောင့်ကြည့်ခဲ့တယ်။ သူ့နေရပ်က မိဘတွေနဲ့ အမြဲလိုလို ဆက်သွယ်ဖြစ်တယ်” လို့ ယင်းမာပင်ခရိုင်တပ်ရင်း-၃၀၁၁ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့အကြောင်းအရာကို အခုမှထုတ်ပြန်ရတာဟာ ကိုညီညီဖြိုးရဲ့ လုံခြုံရေးအခြေအနေနဲ့ မိသားစုဆီ မရောက်ရှိသေးတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။
သူ့ကိုခဲယမ်းတွေ ယူဆောင်လာတဲ့ အတွက် ဂုဏ်ပြုငွေသိန်း(၂’၀၀၀’၀၀၀ ) တိတိကို ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
“နေရပ်ပြန်နိုင်တဲ့ အခြေနေရောက်လာပြီမို့ အခုချိန်မှ သတင်း ထုတ်တာဖြစ်ပါတယ်။ သူ့အတွက် အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးခဲ့ပါတယ်” လို့တာဝန်ရှိသူက မောင်းကို ဆက်ပြောပါတယ်။
ကိုညီညီဖြိုးဟာ ဘုတလင်မြို့နယ်မှာနေထိုင်သူဖြစ်ပြီး မိသားစုစားဝတ်နေရေးအတွက် ဟုမ္မလင်းမှာရွှေမျှောလုပ်ကိုင်နေစဉ်အတွင်း စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရပြီးနောက် ကိုညီညီဖြိုးဟာ ကလေးမြို့ လေ့ကျင့်ရေးကျောင်းမှာ သင်တန်း တက်ရောက်ခဲ့ရပြီးစစ်ရဟတ်ယာဉ်နဲ့တံတားဦးကို ပို့ဆောင်တာ ခံခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီနောက်မှာတော့တံတားဦးကနေ မြိုင်မြို့ကို ရိက္ခာပို့ဖို့အတွက် ရိက္ခာကားတန်းနဲ့ လိုက်ပါလာခဲ့ပြီး အခုလိုထွက်ပြေးလွတ်မြောက် ခဲ့တာလို့ဆိုပါတယ်။