စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်က အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီးထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ မတ္တရာမြို့နယ်ပကဖဆီက သိရပါတယ်။
ဇန်နဝါရီ ၆ ရက် မနက် ၇ နာရီလောက်မှာ စစ်အုပ်စုအင်အား ၁၀၀ ဝန်းကျင်နဲ့ ရှိမ်းမကားကျေးရွာက ထွက်ခွာလာခဲ့ပြီး ကမ်းဖြူရွာထဲကို ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။
ကမ်းဖြူရွာထဲဝင်ရောက်လာချိန် အမျိုးသမီးကိုးယောက်ကိုဖမ်းဆီး မုဒိမ်းကျင့်ပြီးနောက် တားဆေးတွေ ထိုးပြီးပြန်လွတ်လိုက်တယ်လို့ သိရပါတယ်။
အဲဒီနောက် ကမ်းဖြူရွာထဲကနေ ထွက်ခွာလာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။

” မုဒိမ်းကျင့်ခဲ့တဲ့ အမျိုးသမီးတွေက ကမ်းဖြူကျေးရွာဒေသခံတွေပဲ။ ဒီအမျိုးသမီးတွေ စစ်ကြောင်းမှာ ပိတ်မိသွားပြီးတော့ ဖမ်းဆီးခံရတဲ့အခြေနေမှာ ဒီအဓမ္မပြုကျင့်ခဲ့တာ” လို့ မတ္တရာမြို့နယ်ပကဖ သတင်းတာဝန်ခံ ဘိုတောက်က မောင်းကို ပြောပါတယ်။
အပြန်အလှန်ထိတွေ့မှုအတွင်း စစ်အုပ်စုဘက်က ၁၅ ယောက်ထက် မနည်းသေဆုံးပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ခုနှစ်ယောက် ကျဆုံးကာ လေးယောက်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရှိသူ လေးယောက်ကတော့ စိုးရိမ်ရတဲ့အခြေနေမဟုတ်ဘူးလို့ သိရပါတယ်။
ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီနောက် စစ်အုပ်စုဟာအနောက်ဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို မတ္တရာမြို့နယ်ပကဖနဲ့ ရွှေဘိုခရိုင် တပ်ရင်း (၁၈) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့သိရပါတယ်။
