မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ရွာစဥ်ပတ် မီးရှို့နေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၇ ယောက်သေဆုံး ခဲ့တယ်လို့ Black Eagle PDF (Bagan) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Black Eagle PDF (Bagan) ဖက်ကလည်း တပ်ဖွဲ့ဝင်တယောက် ကျဆုံးခဲ့ရတယ်လို့ လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ညောင်ဦးမြို့ပေါ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ Black Eagle PDF (Bagan)တို့ ညောင်ဦးမြို့နယ်တောင်ဘက်မှာ ထိတွေ့မှုတွေဖြစ်ခဲ့တာလို့သိရပါတယ်။
ပထမဆုံးအနေနဲ့ ညောင်ဦးမြို့နယ်၊ လက်ဝဲကျေးရွာထဲက ပြည်သူပိုင်ပစ္စည်းတွေခိုးယူသယ်ဆောင်ပြီး ပြန်ထွက်လာတဲ့ စစ်ကြောင်းကို လက်ဝဲနဲ့ မန်ကျည်းတန်းရွာကြားမှာ အသင့် စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကြောင်းနဲ့ မိနစ်၂၀ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၇ ယောက် သေဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက်မှာ အထိနာသွားတဲ့ အကြမ်းဖက်စစ်ကြောင်းဟာကျေးရွာတွေကို လှည့်ပတ်မီးရှို့ခဲ့ပြီး တော်လှန်ရေးတပ်နဲ့ပါ နောက်တစ်ကြိမ် ထပ်မံထိတွေ့ခဲ့သေးတယ်လို့ သိရပါတယ်။

” ရွာတွေကို မီးရှို့ပြီး ထွက်လာတဲ့အချိန် ကျနော်တို့နဲ့ ထိပ်တိုက်တွေ့တယ်။ အဲ့မှာရဲဘော်အပစ်ခံရတာပါ” လို့ Black Eagle PDF (Bagan) ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
အဲ့ဒီနောက် အကြမ်းဖက်စစ်အုပ်စုဟာ လာလမ်းအတိုင်း ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း အခင်းနေရာကို ဝင်ရောက် ရှင်းလင်းခဲ့ကြောင်းနဲ့ အီနာဂါ ၁ လုံး၊ (၄၀) မမ ၂လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ကျည် ၁၇ တောင့်၊ G3 ကျည် တတောင့်နဲ့ ဖုန်း ၂ လုံးကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။
လက်ရှိမှာတော့ အဲ့ဒီစစ်ကြောင်းကြောင့် ညောင်ဦးမြို့တောင်ဘက်ခြမ်း ကျေးရွာ ၁၀ရွာက အရပ်သားထောင်နဲ့ချီဟာ ဘေးလွှတ်ရာဆီ ရှောင်တိမ်းနေရတယ်လို့လည်း သိရပါတယ်။