စစ်အုပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ ပထမပိုင်းအတွက် မဲဆွယ်စည်းရုံးရာမှာ “တော်လှန်ရေး”၊ “အရေးတော်ပုံ” စတဲ့ စကားလုံးတွေကို သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်အုပ်စုက ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးကနေ အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်တာလို့ သိရပါတယ်။
ဦးလွင်မြင့်ဟာ သူ့ရဲ့ TikTok နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာတွေက တစ်ဆင့် မဲဆွယ်စည်းရုံးရာမှာ “နွေဦးတော်လှန်ရေး”၊ “လူထုအရေးတော်ပုံ” စတဲ့ အသုံးအနှုန်းတွေကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါကြောင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဂ)၊ ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေတွေကို ဖောက်ဖျက်တယ်ဆိုပြီး တရားစွဲဆိုခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ဦးလွင်မြင့်ကို သူနေထိုင်ရာ နေအိမ်ကနေ စစ်အုပ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ လာရောက်ဖမ်းဆီးခဲ့တာလို့သိရပါတယ်။
သူ့ကိုစစ်ဆေးခဲ့ပြီးနောက် ဒီကနေ့ မနက် ၁၁ နာရီခွဲမှာ မြို့နယ်တရားသူကြီးက အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ် အချုပ်ခန်းကတစ်ဆင့် အင်းစိန်ထောင်ကို လွှဲပြောင်းဖို့ စီစဉ်နေတယ်လို့ ကနဦးသိရပါတယ်။
လာမယ့် ဇန်နဝါရီလ ၁၁ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ ကြိုတင်မဲကိစ္စအပါအဝင် ဝေဖန်မှုများစွာရှိခဲ့တဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အပိုင်း (၁) အပြီးမှာ၊ လာမယ့် ဇန်နဝါရီလ ၁၁ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း (၂) နဲ့ အပိုင်း (၃) အတွက် လုံခြုံရေး အင်အားတွေကို ဖြည့်တင်းဆောင်ရွက်သွားမယ်လို့ စစ်အုပ်စုက ဆိုထားပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပျက်ပြားအောင် လုပ်ဆောင်သည်ဟုဆိုကာ အမျိုးသား ၂၇၅ ယောက်နဲ့ အမျိုးသမီး ၆၀ ယောက် တို့ကို ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့လည်း စစ်အုပ်စုထောက်ခံတဲ့ မိဒီယာတွေမှာ ဖော်ပြထားပါတယ်။