ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် မီးကောက်ပင်ကျေးရွာမှာ သုံးနှစ်နီးပါးအ ထိုင်ချတပ်စွဲထားတဲ့ ပျူစခန်းကိုသွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၁တပ်ခွဲ ၁ တပ်ခွဲမှူးဆီက သိရ ပါတယ်။
ဇန်နဝါရီ ၇ ရက် မနက် ၅နာရီလောက်မှာ အင်အား ၃၀ ဝန်းကျင် နဲ့ တပ်စွဲထားတဲ့ မီးကောက်ပင်ရွာက ပျူစောထီးစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ထိတွေ့ ပစ်ခတ်မှု ၁ နာရီနီးပါးကြာခဲ့တယ်လို့ဆိုပါတယ်။
ပစ်ခတ်မှုအတွင်း ပျုစောထီး နဲ့ စစ်ကော်မရှင်တပ်သား လေးယောက်သေဆုံးပြီး ငါးယောက်ထိခိုက် ဒဏ်ရာရရှိခဲ့ကာ စစ်ဝတ်တန်ဆာတစ်ချို့ကိုလည်းသိမ်းဆည်းရရှိခဲ့သလို မီးကောက်ပင် ပျူစောထီးစခန်းကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
“မီးကောက်ပင်ကျေးရွာမှာသူတို့တပ်စွဲထားတာ ၂၀၂၃ လောက်တည်းကတပ်စွဲထားတာ။ ရွာက လုံးဝကိုပျူရွာဖြစ်နေတာ အခုဆိုရင် အဲ့မှာစစ်တပ်ကလုပ်တဲ့ မဲရုံဖွင့်ပွဲတွေဆို အဲ့မှာလုပ်တာ။ စခ နဲ့ ပျူတွေဘက်က သေဆုံးမှုကတော့ ပျူဘက်ကပဲပြန်လည်ပေါက်ကြားတာတွေရှိတယ်။ အတွင်းသတင်းက နေလည်း ပြန် ကြားရတာတွေရှိတယ်” လို့ သာယာဝတီခရိုင် ၃၈၀၁တပ်ခွဲ ၁ တပ်ခွဲမှူးကရင်လေးကမောင်းကိုပြော ပါတယ်။

ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက်ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အထိခိုက်မရှိပြန်လည်ဆုတ်ခွာ လာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကော်မရှင်တပ်သားတွေဟာ ဇီးကုန်းမြို့ပေါ်ကနေ ကား၃ စီး နဲ့ ရောက်လာပြီးအင်အား ၁၀၀ ကျော် နဲ့ ပြန်လည်အင်အားဖြည့်ထားတယ်လို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင်တပ်ရင်း (၁) တပ်ခွဲ −၁ YOMA (GBK)တပ်ဖွဲ့ကဦးဆောင်ပြီး တပ်ခွဲ (၅) သာယာဝတီခရိုင်တပ်ရင်း (၂) တပ်ခွဲ −၁ သာယာဝတီခရိုင်တပ်ရင်း (၂) BTZM GBK တပ်ဖွဲ့ နဲ့ သာယာဝတီခရိုင်ပကဖ သာယာဝတီခရိုင် ဒရုန်းတပ်ဖွဲ့ ၊ ဇီးကုန်းမြို့နယ် ပကဖတို့နဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့သိရပါတယ်။