ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရဲစခန်းမှာတာဝန်ကျနေတဲ့ လုပ်သက် ၇နှစ်ရှိ ဒုရဲအုပ်နဲ့ ဇနီးဖြစ်သူ ဒုတပ်ကြပ်တို့ ဟာပြီးခဲ့တဲ့စက်တင်ဘာလအတွင်း တော်လှန်ရေးအင်အားစုတွေ ဆီဘက်ပြောင်းခိုလှုံလာတယ်လို့ ထောက်ပို့တာဝန်ခံ မရွှေဂျူးက မောင်းကို ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတော့တဲ့ အမှုစစ် ဒုရဲအုပ် ကိုအောင်ကိုလင်းဟန် နဲ့ ဇနီးဖြစ်သူ ဒုရဲတပ်ကြပ် မငြိမ်းငြိမ်းထွေးတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က ဘက်ပြောင်းခိုလှုံလာတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ကူညီပေးခဲ့ရတယ်လို့ မရွှေဂျူးကပြောပါတယ်။
” ဟုတ်တယ်။ သတင်းကအခုမှထုတ်ဖြစ်တာပါ။ ပထမသူတို့က ပက်ရှောင်နေရတာ၊ စိတ်ချရတဲ့နေရာကနေမှ ကျွန်ကိုဆက်သွယ်တော့ လွတ်မြောက်နေရာကိုပို့ပေးထားတာပါ ” လို့ မရွှေဂျူးက မောင်းကိုပြောပါတယ်။

ဒုရဲအုပ် ကိုအောင်ကိုလင်းဟန်ဟာ ရဲတပ်ဖွဲ့ထံ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ် ၂ ရက်နေ့က စတင်ဝင်ရောက်ခဲ့ပြီး၊ မြောက်ဥက္ကလာ ရဲစခန်းမှာ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့ကမှ စတင် တာဝန်ထမ်းဆောင်ခဲ့တာလို့သိရပါတယ်။
ဒါ့အပြင် ဇနီးသည်ဖြစ်သူ ဒုရဲတပ်ကြပ် မငြိမ်းငြိမ်းထွေးဟာလည်း ၂၀၁၉ ခုနှစ် သြဂုတ် ၂၀ ရက်မှာ ရဲတပ်ဖွဲ့ဝင်စဖြစ်ခဲ့ပြီး၊ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့တာလို့ မရွှေဂျူးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့လူထုအပေါ် ဖိနှိပ်မှုတွေကြောင့် ဘက်ပြောင်းခိုလှုံခဲ့တဲ့ ကိုအောင်ကိုလင်းဟန်နဲ့ မငြိမ်းငြိမ်းထွေးတို့ဟာ လက်ရှိ လွတ်မြောက်နယ်မြေတစ်နေရာမှာနေထိုင်နေတယ်လို့သိရပါတယ်။
